အာဖဂန်မှာ ပြင်းအား ၆ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရ
အာဖဂန်နစ္စတန်မြောက်ပိုင်း မြို့တော် မာဇာရ်-အီရှာရစ်ဖ်မှာ ဒီနေ့ နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းက ပြင်းအား ၆ ဒဿမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သေဆုံးသူစာရင်းဟာ ဒီထက်တိုးမြှင့်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
ငလျင်လှုပ်ခတ်သွားတဲ့နေရာဟာ လူပေါင်း ၅၂၃၀၀၀ ကျော်နေထိုင်ပြီး အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ရဲ့ ထုတ်ပြန်ချက်အရ မြေအောက်အနက် ၁၇ ဒသမ ၄ မိုင်အကွာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ကနဦး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ဒီမနက်ပိုင်းမှာ ဆေးရုံကို လွှဲပြောင်းပေးလိုက်ပါပြီ” လို့ မာဇာရ်-အီရှာရစ်ဖ်မြို့အနီး ဆာမန်ဂန်ပြည်နယ် ကျန်းမာရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဆာမင်ဂျိုယန်ဒါက ပြောပါတယ်။
မာဇရ်-အီရှာရစ်ဖ်မြို့အနီး လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ဆာမန်ဂန်ပြည်နယ်နဲ့ ဘာလ်ခ်ပြည်နယ် ဒေသအချို့ကိုလည်း သက်ရောက်မှုရှိတာကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ အာဖဂန်တာလီဘန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာကယ်ဆယ်ရေးနဲ့ အရေးပေါ်ကူညီရေးအဖွဲ့တွေက ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသကို ချက်ချင်းသွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးရုံနဲ့ ကျန်းမာရေးစင်တာတွေဆီ သယ်ယူပို့ဆောင်ပေးနေတယ်လို့ အာဖဂန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသကို ရောက်ရှိနေပြီး ဒေသတွင်းက ဆေးရုံတွေကို အသင့်ပြင်ခိုင်းထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှာဖတ်ဇာမန်က ဆိုပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လကုန်းပိုင်းလည်း အာဖဂန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ ငလျင်ပြတ်ရွှေ့ကြောနှစ်ခုဆုံရာအနီးတဝိုက်မှာရှိနေတာကြောင့် အင်အားပြင်းငလျင်ကြီးတွေ မကြာခဏလှုပ်ခတ်နိုင်သလို ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေနိုင်တာကြောင့် ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေအနေနဲ့ ငလျင်သက်ရောက်မှုအပေါ် သတိပေးထုတ်ပြန်နိုင်တဲ့စနစ်တွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ကလည်း တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – AP ၊ Reuters
