UNHCR India ကြောင့် ဒုက္ခသည်များ အဖမ်းခံနေရဟုဆိုကာ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့

Author CJ Platform
Categories
Published on Jul 04, 2025

စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံမှာ ခိုလှုံဖို့ အကာအကွယ် တောင်းခံခဲ့ကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို UNHCR Indiaက အကာအကွယ်မဲ့စွာ အိန္ဒိယအစိုးရဆီ လွှဲပြောင်းပေးခဲ့လို့ ဖမ်းဆီးခံရပြီး အန္တရာယ်နဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့တယ်လို့ ဇူလိုင် ရက် ဒီကနေ့မှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၄၁ ဖွဲ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးချုပ်ကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ တောင်းဆိုလိုက်ပါတယ်။

 

UNHCR India ရုံးက ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို အိန္ဒိယအစိုးရဆီ ပေးခဲ့တာကြောင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို ဖမ်းဆီးတာ၊ ၁၃၄ ဦးကို မြန်မာစစ်ကောင်စီ လက်ထဲ ပြန်ပို့တာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

“UNHCR ဟာ ဒုက္ခသည်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက်နဲ့ အားကိုးရာ ဖြစ်ပါသည်။ ထိုမျှော်လင့်ချက် ပျက်သုဉ်းမသွားစေရန်အတွက် အဆင့်မြင့်မင်းကြီးအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးမည်ဟု ကျွန်ုပ်တို့ အခိုင်အမာမျှော်လင့်ပါကြောင်း တင်ပြအပ်ပါသည်လို့ ဆွစ်ဇလန်မှာရှိတဲ့ UNHCR ရုံးချုပ်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းရေးသားထားပါတယ်။

 

အဲဒီပေးစာထဲမှာ မေလတုန်းက ရိုဟင်ဂျာဒုက္ခသည် ၄၀ ကို အိန္ဒိယအစိုးရက နေအိမ်တွေအထိ လာဖမ်းပြီး ပြန်ပို့ခဲ့တဲ့ ဖြစ်စဉ်ဟာ UNHCR India ဆီကရတဲ့ အချက်အလက်တွေကြောင့်လို့ ယူဆရကြောင်းနဲ့ ဇွန်လထဲမှာလည်း မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ နေအိမ်စစ်ဆေးခံရတာ၊ ခရီးမသွားဖို့ တားမြစ်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုးဆုံးမှာ အိန္ဒိယအစိုးရက အကာအကွယ်မဲ့နေတဲ့ လူပေါင်း ၁၃၄ ဦးကို စစ်ကောင်စီထံ ပြန်ပို့ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒီဖြစ်ရပ်တွေအတွက် UNHCR India နဲ့ သူ့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို အကူအညီ တောင်းခံပေမဲ့ ဘာမှ တုံ့ပြန်မှု မရှိတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

 

ဒါကြောင့် ဒီကိစ္စကို ချက်ချင်း စုံစမ်းအရေးယူဖို့၊ အချက်အလက်တွေ လွှဲပြောင်းပေးနေတာကို ချက်ချင်း ရပ်တန့်ဖို့နဲ့ မြန်မာအရေးတက်ကြွလှုပ်ရှားသူများနဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အာမခံဖို့ အဓိက တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – Wikipedia