UMFCCI ဥက္ကဋ္ဌနှင့် အလုပ်မှုဆောင်များအားလုံးကို NUG အမည်ပျက်စာရင်းသွင်း

Author အဂ္ဂ
Categories
Published on Jan 29, 2024

ထိတ်ထိတ်ကြဲမြန်မာ့စီးပွားရေးသမားများစုစည်းရာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်များအားလုံးကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယနေ့(ဇန်နဝါရီ ၂၉ ရက်)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

 

NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် UMFCCI အဖွဲ့အစည်းကို ပြီးခဲ့သည့်နှစ်အတွင်းက ဖျက်သိမ်းခဲ့ပြီးနောက် ယခုအခါ လူများကို အရေးယူလိုက်ခြင်းဖြစ်သည်။

 

NUG စီးပွား/ကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အတွင်း ယခင်ကထုတ်ပြန်ထားသည့် အမိန့်များကို မလိုက်နာဘဲ UMFCCI တွင် ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဆက်လက်တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းရှင်(၆၄)ဦးကို အမည်စာရင်း ရာထူးများနှင့်တကွ အမည်ပျက်စာရင်းသွင်းကာ အရေးယူသွားမည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

 

၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် အကျိုးစီးပွားပတ်သက်မှုမရှိကြောင်းနှင့် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် ဆက်နွယ်ပတ်သက်မှုများ ပြုလုပ်ခြင်းမရှိတော့ကြောင်း ခံဝန်ချက်ကို NUG ထံ ရက် (၉၀)အတွင်း အယူခံလွှာတင်သွင်းနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

ထိုကဲ့သို့ NUG ၏ အမည်ပျက်စာရင်းသွင်းခံရခြင်းနှင့်ပတ်သက်၍ UMFCCI ထံ CJ Platform က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခဲ့သော်လည်း မေးမြန်းမှုကို ဖြေကြားပေးမည့်သူ ခွင့်ယူထားသည့်အတွက် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောကြားသည်။

 

UMFCCI သည် စစ်ကောင်စီ၏ ကျူးလွန်မှုများအတွက် ငွေကြေးထောက်ပံ့ကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် အလုပ်သမားအခွင့်အရေးချိုးဖာက်မှုများကို တိုက်ရိုက်ကျူးလွန်ခြင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုအမိန့်စာထုတ်ပြန်ပြီးနောက်တွင် UMFCCI တွင် ဆက်လက်ပါဝင်လုပ်ကိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်း၊ ယင်းအဖွဲ့အစည်းအမည်ဖြင့် ဆက်လုပ်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို စစ်ကောင်စီကို ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊  နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆက်လက်ထုတ်ပြန်ထားသည်။

 

UMFCCI သည် ခေတ်အဆက်ဆက် ထိပ်တန်းလုပ်ငန်းရှင်များစုဝေးရာနေရာတစ်ခုဖြစ်ခဲ့ပြီး စစ်အစိုးရလက်ထက်က ယင်းအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သူသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပြင် စီးပွားရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီးဖြစ်သည်အထိ ဩဇာအာဏာရှိခဲ့သည်။ ထို့ကြောင့် UMFCCI ဥက္ကဋ္ဌ ရာထူးကို စီးပွားရေးလုပ်ငန်းရှင်အတော်များများ ရယူလိုကြသည်။

 

UMFCCI ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်များကို လေးနှစ်တစ်ကြိမ် အသင်းဝင်များက ရွေးချယ်တင်မြှောက်ရသည်။

 

လက်ရှိ ၂၀၂၃-၂၆ သက်တမ်းအတွက် UMFCCI ဥက္ကဋ္ဌမှာ ဦးအေးဝင်းဖြစ်ပြီး ဒေါ်ခိုင်ခိုင်နွယ်မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြသည်။