UAE ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှား-ယူကရိန်း စစ်သုံ့ပန်း ၁၀ဝ ဦး အပြန်အလှန်လဲလှယ်

Author အဂ္ဂ
Categories
Published on Feb 10, 2024

ရုရှားကျူးကျော်မှုကြောင့် စစ်ဖြစ်နေသော ရုရှား-ယူကရိန်း နှစ်နိုင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့(ဖေဖော်ဝါရီ ၈ ရက်)က အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်သုံ့ပန်း (၁၀ဝ) ဦးအပြန်အလှန်လဲလှယ်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

စစ်သုံ့ပန်းလဲလှယ်သည့်ကိစ္စကို နှစ်ဖက်နိုင်ငံတာဝန်ရှိသူများကလည်း အတည်ပြုပြောဆိုထားသည်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ပြန်ရောက်လာသည့် ရုရှားစစ်သားများကို မော်စကိုမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ပေးသွားမည်ဟု ဖော်ပြခဲ့ပြီး UAE နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကိုလည်း “လူသားချင်းစာနာထောက်ထားသော ကြားဝင်စေ့စပ်ပေးမှု” ဟု အလေးပေးဖော်ပြခဲ့သည်။

 

“ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ငါတို့လူတွေကို အမြဲအမှတ်ရနေပါတယ်။ သူတို့ကို ပြန်ခေါ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီအတွက်လည်း အမြဲတမ်းကြိုးစားနေပါတယ်” ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ X(ယခင် Twitter)နှင့် Telegram စာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ပြီး UAE ၏ ကြားဝင်ကူညီပေးမှုကိုလည်း ဖော်ပြခဲ့သည်။

 

ယူကရိန်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် စစ်သား (၈၄) ဦးသည် ရုရှားစစ်တပ်က ၂၀၂၂ ခုနှစ် မေလတွင် သိမ်းယူနိုင်ခဲ့သော မာရီယူပိုး(Mariupol)ရှိ အဇော့(Azov) ပင်လယ်ဆိပ်ကမ်း သုံးလကြာ ခုခံစစ်အတွင်း ရုရှားတပ်များ၏ ဖမ်းဆီးခြင်းခံရသည့်သူများဖြစ်သည်ဟု သမ္မတ ဇလန်းစကီးက ဆိုသည်။

 

ပြန်လည်ရောက်ရှိလာသည့် စစ်သုံ့ပန်းများအတွင်း (၂၈)ဦးသည် ဖျားနာခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ခံစားနေရသည်ဟု ယူကရိန်း၏ စစ်သုံ့ပန်းများနှင့်ဆက်စပ်၍ ပေါင်းစပ်ညှိနှိုင်းရေး ဆောင်ရွက်ပေးနေသည့် ကော်မတီ၏ ပြောကြားချက်အရ သိရသည်။

ယူကရိန်းသမ္မတ ဇလန်းစကီး၏ လူမှုကွန်ရက် X(ယခင် Twitter)တွင် တင်ထားသည့် ရုပ်သံဗီဒီယိုအတွင်း အိမ်ပြန်ရောက်လာသည့် ယူကရိန်းစစ်သားများသည် မိသားစုဝင်များနှင့် Video Call ပြောကာ ဝမ်းသာမျက်ရည်ကျနေသည်ကိုတွေ့ရပြီး ယူကရိန်းနိုင်ငံတော်အလံကိုခြုံကာ အုပ်စုလိုက်ဓာတ်ပုံရိုက်၍ ကြွေးကြော်ဟစ်ကြွေးနေကြသည်တို့ကိုလည်း တွေ့မြင်ရသည်။

 

“ယူကရိန်းဟာ သူ့လူတွေ(နိုင်ငံသားတွေ)ကို အိမ်ပြန်ခေါ်နိုင်ခဲ့ပါပြီ။ ကျန်နေတဲ့ အကျဉ်းသားတွေ(စစ်သုံ့ပန်းတွေ) လဲလှယ်ဖို့ကိုလည်း အစွန်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ လူတွေအားလုံး အိမ်ပြန်လာနိုင်ကြမှာပါ” ဟု ဇလန်းစကီးက ၎င်း၏ X မှတစ်ဆင့် ယူကရိန်းနိုင်ငံသားများကို သောကြာနေ့ (ဖေဖော်ဝါရီ ၉ ရက်)တွင် အသိပေးပြောကြားသည်။

 

ယခုအချိန်အထိ ယူကရိန်းတပ်ဖွဲ့ဝင် ၃,၁၃၅ ဦးသည် ရုရှားတို့ ဖမ်းဆီးထားရာမှ လွတ်မြောက်လာပြီဖြစ်ကြောင်း ဇလန်းစကီး၏  ကြာသပတေးနေ့ည လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားချက်အရ သိရသည်။

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကရီလိုဘူဒါနော့က သုံ့ပန်းလဲလှယ်ရေးကိစ္စများကဲ့သို့ ခက်ခဲရှုပ်ထွေးသည့် ကိစ္စရပ်များလုပ်ဆောင်နေသည့်အခိုက်အတန့်တွင် ယူကရိန်းနိုင်ငံသားများအနေဖြင့် ယုံမှားသံသယရှိမှုများကို ပယ်ဖျောက်ထားကြရန် တိုက်တွန်းခဲ့သည်။

 

“မင်းတို့မြင်တဲ့အတိုင်းပဲ ကိစ္စတွေက အချိန်နည်းနည်းယူရတယ်။ ဒါပေမဲ့ အရေးကြီးတာက ရလဒ်ပါပဲ။ အခုဒီကိစ္စတွေကို ကြည့်လိုက်ရင် မင်းတို့မေးခွန်းအတွက် အဖြေကိုတွေ့ရမှာပါ” ဟု ဘူဒါနော့ဗ်က ယူကရိန်းစစ်သားများ ပြန်လည်ရောက်ရှိလာသည့်နေရာတွင်  ပြောကြားသည်။

 

ယူကရိန်းစစ်သား (၆၅) ဦးကိုတင်ဆောင်လာသည်ဟု ရုရှားဘက်ကပြောဆိုထားသည့် ရုရှားစစ်တပ်၏ ပို့ဆောင်ရေးလေယာဉ်ကို ယူကရိန်းဘက်က ပစ်ချလိုက်ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း (၁၉၅) ဦးစီ အပြန်အလှန် လဲလှယ်ခဲ့ကြသေးသည်။

 

ရုရှားတို့၏ Il-76 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ယူကရိန်းတို့က ရုရှားနိုင်ငံ ဘယ်ဂိုရော့ဒေသတွင် ဇန်နဝါရီ (၂၄)ရက်၌ ယူကရိန်းတို့က ပစ်ချခဲ့ခြင်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းတို့သည် အမေရိကန်၏ Patriot ဒုံးကျည်ဖြင့် အဆိုပါလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

 

ယူကရိန်းဘက်ကမူ လေယာဉ်ပစ်ချသည့်ကိစ္စနှင့်ပတ်သက်၍ အတည်ပြုခြင်း၊ ငြင်းဆိုခြင်းတစ်ခုမှ မလုပ်ခဲ့ဘဲ လေယာဉ်တွင်ပါဝင်သူများ၏ သက်သေအထောက်အထားကိုသာ ပြသဖို့ တောင်းဆိုခဲ့သည်။

 

ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးသည် နှစ်နိုင်ငံကြား ပဋိပက္ခများစတင်ခဲ့သည့် အစောပိုင်းလများကတည်းက ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ မရှိတော့သော်လည်း စစ်ပွဲစတင်ခဲ့သည့် လွန်ခဲ့သည့် ၂ နှစ်နီးပါးကတည်းက  ကြားခံများမှတစ်ဆင့် စစ်သုံ့ပန်းများကို  အချိန်နှင့်တစ်ပြေးညီ လဲလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။

 

အရေအတွက်အများဆုံး သုံ့ပန်းလဲလှယ်မှုသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီ (၃) ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး UAE ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် သုံ့ပန်း (၄၇၈) ဦးလဲလှယ်ခဲ့ခြင်းဖြစ်သည်။

 

ရုရှားသမ္မတ ပူတင်သည် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယူကရိန်းဒေသတွင် ရုရှားတပ်များကို အနိုင်ယူရန်ကြိုးပမ်းခြင်းသည် “ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ကြောင်း” သတိပေးပြောဆိုခဲ့ပြီး ရုရှားအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပိုလန်နှင့် လက်ဗီးယားတို့ကို ဝင်တိုက်ခြင်းဖြင့် စစ်မျက်နှာချဲ့ထွင်မည် မဟုတ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

 

ယူကရိန်းကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခြင်းသည် ယူကရိန်းက နေတိုး(NATO)အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းနေပြီး ရုရှားနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်အတွက်သာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ဥရောပတွင် နယ်မြေစိုးမိုးရေးရည်မှန်းချက်များမရှိကြောင်း ၎င်းက ဆက်လက်ငြင်းဆိုခဲ့သည်။

 

ထို့ပြင် ရုရှားဘက်ကသာ အရင်တိုက်ခိုက်ချင်ပါက သူ့အနေဖြင့် အိမ်နီးချင်းနိုင်ငံအတွင်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ရုံသာဖြစ်သည်ဟုလည်း အခိုင်အမာပြောဆိုခဲ့သည်။

Related News

Depend on news