ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မတာဝန်ပေးခံရသူ ၈ ဦး အလင်းဝင်

ပဲခူးတိုင်း အရှေ့ခြမ်း စစ်ကောင်စီရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်ဖွဲ့ဝင် ၈ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ဆန်းပိုင်းက အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပဲခူးခရိုင် တပ်ရင်း ၂ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်ရောက်လာသူတွေဟာ ကျောက်ကြီးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၆၀) နဲ့ ကော့သောင်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၉၃) က သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
“၈ ယောက်ကတော့ ဒီလ ၆ ရက်နေ့က ဝင်လာတာပါ။ ကျန်နှစ်ယောက်ကတော့ ၈ ရက်နေ့က ရောက်လာတာဖြစ်တယ်” လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကော်မရှင်က စစ်သည်အင်အား ဖြည့်တင်းနိုင်ဖို့အတွက် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီး စစ်မှုထမ်း ပြည်သူ့စစ်တွေကို ရှေ့တန်းတွေမှာ အသုံးပြုနေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အခု အလင်းဝင်ရောက်လာသူတွေဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၉ နဲ့ အပတ်စဉ် (၅) က သင်တန်းဆင်းလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူ့စစ်တွေကို ခွဲခြားပြီး ဆက်ဆံတယ်။ ဆေး (မူးယစ်ဆေး) တွေချ၊ အရက်တွေသောက်ပြီး မူးလာတဲ့အခါကျရင် ကျွန်တော်တို့ကို ပြဿနာရှာတယ်၊ သေနတ်နဲ့ ပစ်သတ်ဖို့အထိ လုပ်ပါတယ်ဗျ” လို့ အလင်းဝင်ရောက်လာသူတစ်ဦးက ပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေကို ပဲခူးခရိုင် တပ်ရင်း ၂ က လုပ်ထုံးလုပ်နည်းများနဲ့အညီ လက်ခံထားခဲ့ပြီး လက်နက်ပါလာခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
“တိုက်ပွဲမှာဆို ရှေ့ဆုံးက တက်ခိုင်းမယ်။ ဒဏ်ရာရရင် ထားခဲ့မယ်။ တိုက်ပွဲမှာ ကျသွားရင်လည်း အထက်ကို မတင်ပြဘဲ လစာကို ထုတ်စားမယ်။ သူတို့က ပသစ တွေကို ယုံလည်း မယုံကြည်ဘူး။ အမျိုးမျိုး ဖိနှိပ်တာတွေ ရှိတာကြောင့် အမြန်ဆုံးရုန်းထွက်ကြဖို့ တိုက်တွန်းချင်တယ်” လို့ ပဲခူးခရိုင် တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပဲခူးခရိုင် တပ်ရင်း ၂ အနေနဲ့ ဘက်ပြောင်းခိုလှုံလာသူတွေကို အမြဲတမ်း ကြိုဆိုနေပြီး လက်နက်နဲ့အတူ ဘက်ပြောင်းလာသူတွေကိုလည်း ထိုက်တန်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ပဲခူးခရိုင်တပ်ရင်း (၂)