TNLA ထိန်းချုပ်နယ်မြေတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါးလုပ်ဆောင်နေ

Author CJ Platform
Categories
Published on Aug 18, 2025

ရှမ်းပြည်မြောက်ပိုင်း တအာင်းတပ်မတော်  (TNLA) ထိန်းချုပ်ဒေသ သီပေါမြို့ကို စစ်အုပ်စုက ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အခု ဩဂုတ်လအတွင်း သုံးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးအထိရှိခဲ့ကာ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ပါတယ်။

 

ဒီနေ့မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်မှာ သီပေါမြို့ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်တွေကို စစ်အုပ်စုက ပေါင် ၂၅၀ ဗုံးနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ခုနစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုဟာ TNLA ထိန်းချုပ်ဒေသတွေကို နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး ဒါဟာ  လက်လွှတ်နယ်မြေတွေ ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ရေးအရ ဖိအားပေးနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

နောင်ချိုမြို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း မိုးကုတ်မြို့ကိုပါ ထပ်မံထိန်းချုပ်နိုင်ဖို့အတွက် နောင်ချို – မိုးကုတ် လမ်းမတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကိုလည်း စစ်အုပ်စုက စစ်ကြောင်းထိုးမှုတွေ ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း ရှမ်းပြည်ထဲက အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ TNLA တပ်ဖွဲ့နဲ့ စစ်အုပ်စုကြား ဆက်လက်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး တရုတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့အတူ MNDAA နဲ့ စစ်အုပ်စုကြား အပစ်အခတ်ရပ်စဲထားပါတယ်။

 

ရှမ်းပြည်ထဲက အင်အာကြီးလက်နက်ကိုင်တပ်ဖွဲ့တွေထဲ တစ်ခုတည်းကျန်ရှိနေတဲ့ TNLAရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုးကုတ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုင်းငေါ့မြို့တို့ကို စစ်အုပ်စုက နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလအတွင်း အရပ်သားပြည်သူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက TNLA နဲ့ စစ်အုပ်စုတို့ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ပေမဲ့ ဆွေးနွေးညှိနှိုင်းမှု ပြေလည်မှုမရရှိခဲ့ဘဲ အခု ဩဂုတ်လကုန်ပိုင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပါသေးတယ်။

 

ဓာတ်ပုံ – TNLA

 

ပုံစာ – ရှမ်းပြည်နယ်၊ သီပေါမြို့ကို ဩဂုတ်လ၁၈ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုဗုံးကြဲခဲ့သည့် မြင်ကွင်း