မြောင်းမြမှာ စပါးရောင်းချထားတဲ့ တောင်သူတစ်ဦးအိမ်ကို အနုကြမ်းစီး လုယက်

Author CJ Platform
Categories
Published on Sep 04, 2025

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ သဇင်ကုန်းကြီးကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာမှာ စက်တင်ဘာ ၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ကျွဲခြံကျေးရွာမှာ နေထိုင်တဲ့ တောင်သူ ဦးတင်ထွန်းရဲ့ နေအိမ်ကို အမည်မသိ အမျိုးသား ၄ ဦးက တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ဝင်ရောက်ကာ လုယက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“မျက်နှာကို ပုဆိုးနဲ့ စည်းထားတယ်၊ တစ်ယောက်က လည်ပင်းမှာ တက်တူးတွေ ပါတယ်၊ တစ်ယောက်က ဓားကိုင်ထားပြီး ကျန်သူတွေက တုတ်ကိုယ်စီနဲ့ အိမ်ရှင်တွေကိုတော့ တုတ်နဲ့ ရိုက်သွားသေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

အနုကြမ်းစီးလုယက်မှုဖြစ်စဉ်မှာ လက်ကိုင်ဖုန်း ၄ လုံးနဲ့ နားကပ်တစ်ရံ ပါသွားခဲ့ပြီး လုယက်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

 

“အဲဒီအိမ်က မြို့တက်ပြီး စပါးရောင်းထားတာ မကြာသေးဘူး၊ ပိုက်ဆံတွေတော့ မပါသွားဘူးလို့ ပြောတယ်၊ တောရော မြို့မှာပါ လုံခြုံမှု မရှိတော့ပါဘူး” လို့ ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

မြောင်းမြမြို့မှာ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ဩဂုတ်လအတွင်းကလည်း ကံကော်မြိုင်ရပ်ကွက်က နေအိမ်တစ်ခုမှာ နေ့ခင်းအချိန်ကာလမှာပဲ ဓားပြကာ ဝင်ရောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။