မိုးများပြီး အုတ်နံရံပြိုကျလို့ ဘောပွဲကြည့်နေတဲ့ ကျောင်းသား ၃ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Sep 25, 2025

မွန်ပြည်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ကုန်းပေါ်ရွာသစ်မှာ စက်တင်ဘာ ၂၄ရက်နေ့ ညနေ ၃နာရီခန့်က အုတ်နံရံပြိုကျခဲ့တာကြောင့် ဘောလုံးပွဲကြည့်နေတဲ့ ကျောင်းသား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းပေါ်ရွာသစ်မှာ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ပြုလုပ်နေချိန် မိုးသည်းထန်စွာ ရွာသွန်းကာ ဘောလုံးကွင်းအနီး အုတ်နံရံတစ်ခု ပြိုကျခဲ့ပြီး ဘောလုံးပွဲ ကြည့်နေတဲ့ ကျောင်းသားတွေကို ထိခိုက်ခဲ့တာပဲဖြစ်ပါတယ်။

“ဘောလုံးဖွင့်ပွဲ ကျောင်းသားတွေကို ပေးကြည့်တာ။ မွန်အမျိုးသားနေ့တို့လုပ်ရင် စင်ပေါ်မှာ မိန့်ခွန်းဟောတာ။ မနေ့က ကျောင်းသားတွေက အဲဒီပေါ်မှာ ဘောလုံးပွဲထိုင်ကြည့်နေတာ။ ဘောလုံးကွင်းစင်ကို အုတ်နံရံနဲ့ လုပ်ထားတာ။ မိုးရွာများတော့ မြေကြီးက ချွဲပျော့ပြီး ပြိုကျတာ” လို့ မော့ကနင်ရွာမှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အုတ်နံရံပြိုကျမှုကြောင့် အသက် ၁၂နှစ်အရွယ်ဝန်းကျင် ကျောင်းသား ၃ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားတွေကို ဒေသတွင်း လူမှုကူညီရေးအသင်းတွေက လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အသက်ဆုံးပါးခဲ့ရတဲ့ ကျောင်းသားတွေကိုတော့ ဒီကနေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

 

ရေးမြို့နဲ့ မုဒုံမြို့အပါအဝင် မွန်ပြည်ဒေသ အများစုမှာ မိုးဆက်တိုက်ရွာသွန်းနေတာဟာ တစ်ပတ်ကျော်ခန့်ရှိလာပြီဖြစ်ပြီး ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်နေခဲ့ပါတယ်။

 

ဓာတ်ပုံ – နှစ်ကရင်လူမှုကူညီရေးအသင်း