The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သည့် မီရှယ်ယို အော်စကာဆုရရှိ

Author ဇိမ်း
Categories
Published on Mar 13, 2023

မလေးရှားနိုင်ငံဖွား အမျိုးသမီးသရုပ်ဆောင် မီရှယ်ယိုသည် ယခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီးဆုရရှိခဲ့ပြီး အာရှ၏ ပထမဆုံး အော်စကာဆု ရရှိသည့် အမျိုးသမီးအနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မီရှယ်ယိုသည် Everything Everywhere All At Once ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသမီးဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခုနှစ် အော်စကာ ဆုပေးပွဲတွင် ဆုအများဆုံး (၇) ဆု ရရှိခဲ့သည်။

Everything Everywhere All At Once ရုပ်ရှင်တစ်ကားထဲမှ Best Picture၊ Best Director၊ Best Original Screenplay၊ Best Actress၊ Best Supporting Actor၊ Best Supporting Actress နှင့် Best Film Editing စသည့် ခေါင်းစဉ်များဖြင့် ဆုများ ဆွတ်ခူးနိုင်ခဲ့ခြင်းသည်။

အော်စကာ အကောင်းဆုံးအမျိုးသမီးဆုရ မီရှယ်ယိုက “အမျိုးသမီးတို့ရေ ကျမဒီဆုရတာဟာ အိပ်မက်တွေ ကြီးကြီးမက်ခဲ့ပြီး အဲ့ဒီအိပ်မက်တွေက အမှန်တကယ်ဖြစ်လာတယ်ဆိုတာ သက်သေပြလိုက်တာပါ။ အသက်လွန်သွားပြီ၊ အရွယ်ကောင်းကို ကျော်သွားပြီလို့ ဘယ်တော့မှ မပြောမိစေပါနဲ့”ဟု ဆုပေးပွဲတွင် ဂုဏ်ယူစွာဖြင့် ပြောကြားခဲ့သည်။

မင်းသမီးကြီးမီရှယ်ယိုသည် လက်ရှိတွင် အသက် (၆၀) အရွယ်ရှိနေပြီဖြစ်ပြီး သူ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရှစ်လေးလုံးအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုတွင် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ကြောင်းလည်း အစောပိုင်းက ၎င်း၏ အင်စတာဂရမ်တွင် ရေးတင် အသိပေးခဲ့သူဖြစ်သည်။