TBK တောဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့ အား စစ်ကောင်စီက လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်မှုကြောင့် လက်နက်၊ ခဲယမ်း ကျပ်သိန်းတစ်ရာဖိုးခန့်ဆုံးရှုံး

Author မွန်လေး
Categories
Published on Oct 17, 2022

TBK တောဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့အား စစ်ကောင်စီက လေကြောင်းဖြင့် စီးနင်းတိုက်ခိုက်မှုကြောင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာ ကျပ်သိန်းတစ်ရာဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီမှ အောက်တိုဘာ ၈ရက်က ၀က်လက်မြို့နယ် အရှေ့ခြမ်း NCO သင်တန်းကွင်း အနီးစစ်ကောင်စီမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ၁၅မိနစ်ခန့် ပစ်ခတ်မှုတွင် TBK တောဆင်ရိုင်း စခန်းသည် သင်တန်းကွင်းနှင့် မနီးမဝေးတွင် စန်းချထားသည့်အတွက် MI35 နှစ်စီးထပ်မံရောက်လာကာ မိနစ် ၂၀ခန့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၁၀မိနစ်အကြာတွင် လေယာဉ်နှစ်စီးဖြင့် စစ်ကောင်စီ အင်အား ၈၀ခန့်သည် မြေပြင်ပေါ်သို့ ဆင်းလာကာ NCO စခန်းကို မီးရှို့စစ်ကြောင်းထိုးပြီး သင်တန်းကွင်းအနီးရှိ TBK တောဆင်ရိုင်း ပြောက်ကျား စခန်းကိုလည်း စစ်ကြောင်းထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကြောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ပုလဲယမ်းတစ်ပိုင်း၊ ကဒ်သီးတစ်ဖာ ၁၅၀လုံး၊ ၆၀ မမ ပြောင်းတစ်ပြောင်း၊ ၆၀ မမ ကျည်ဖူး ၁၂ ဖူး၊ ပတ်လည် မိုင်း ၂၄ လုံး၊ စလစ်မိုင်း ၃လုံး၊ တွင်ခုံပစ္စည်း အမြောက်အများ၊ ဒီဇယ် ၁၀ ပုံး၊ ဆန် ၅ ပိုင်း၊ စားဆီ ၂ပုံး၊ မိုးကာ ၊ ဆိုလာပြား၊ ဘထ္ထရီအိုးစသည့် ပစ္စည်းများ သိမ်းဆည်းခံရပြီး ကာလတန်ကြေး သိန်း ၁၀၀ ၀န်းကျင် ဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရမှုတွင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် သပိတ်ကျင်း မြို့နယ် ပကဖ TBK တောဆင်ရိုင်းပြောက်ကျား ရဲဘော်များသည် ၀က်လက်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အတူ စစ်ရေးများလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။