စစ်ကောင်စီက တိုက်ပွဲလုံးဝမရှိပဲ ကနီမြို့နယ်ကို လေကြောင်းတိုက်ခိုက် နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့လို့ ကနီမြို့နယ်အတွင်းရှိ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲများစွာ ဖြစ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကနီမြို့နယ်အတွင်းရှိ ချောင်းမကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ မုတ္ထောကျေးရွာ၊ နတ်လာပို့ကျေးရွာ၊ သမင်ခြံကျေးရွာ၊ ဆူးလေးကုန်းကျေးရွာ၊ နတ်ကြီးကျေးရွာ စတဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်တဲ့အပြင် ဒရုန်း၊ စက်တပ်လေထီး ပါရာမော်တာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီရက်ပိုင်း လေကြောင်းတိုက်ခံရမှုဖြစ်စဉ်တွေမှာ တိုက်ပွဲလုံးဝ မရှိဘဲ ပြည်သူဦးတည်ပြီး တိုက်ခိုက်လာတယ်။ Public Area တွေကြီး တိုက်ခိုက်ပြီး အသုံးပြုတဲ့ ဗုံးသီးတွေက ပေါင် ၅ဝဝအထက်ဖြစ်နိုင်တယ်။ ဗုံခိုကျင်းထဲ နေရတာတောင် အခြေအနေ ကြည့်နေရသလိုဖြစ်နေပြီ “ လို့ ကနီဒေသခံအမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ရွှေတောင်ဦးကုန်းကနေလည်း နေ့စဉ် ညနေတိုင်း လက်နက်ကြီးနဲ့ အနီးရှိ ကျေးရွာတွေကို ပစ်ခတ်လေ့ရှိတယ် လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရာမှာ ဧပြီလ ၉ ရက်နေ့က ဆူးလေကုန်းကျေးရွာကို မွန်းလွဲ ၄ နာရီနီးပါးအချိန်မှာ ကျေးရွာတည့်တည့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်မှုမရှိပေမဲ့ နွားသေဆုံးတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆူးလေကုန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု မပြုလုပ်ခင် ရက်ပိုင်းကလည်း ကနီမြို့အတွင်းက စစ်ကောင်စီတပ်ကနေ ဒရုန်းနဲ့ဝဲပတ်ကာ ထောက်လှန်းခဲ့ပြီးမှ ဂျက်ဖိုက်တာနှစ်စင်းနဲ့ ဗုံး ၃ လုံး ကြဲချခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“ လေကြောင်းလာချိန်ဆို ပုန်းရတယ်။ မနေ့ကဆို ရွာထဲကို တည့်တည့်ပစ်တာ ယာခင်းထဲ အလုပ်လုပ်နေကြလို့ မသေကြတာ။ ညဘက်ဆိုလည်း စိတ်ချလက်ချတော့ အိပ်မရဘူး လေကြောင်းသံကြားတာနဲ့ ကျင်းထဲပြေးရတာပဲ “ လို့ ဆူးလေကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၉ ရက်နေ့ တစ်ရက်ထဲမှာပဲ ချောင်းမကျေးရွာကိုလည်း ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာနေရာမှာ အနက် ၁၀ ပေကျော်တဲ့ တွင်းကြီးတစ်ခု ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် ကောင်းစွာနေထိုင်ရခြင်းမရှိဘဲ အချိန်ပြည့် စိုးရိမ်မှုတွေနဲ့ နေထိုင်နေရကာ ချောင်းမကျေးရွာဗုံးကြဲခံရစဉ်ကလည်း တောထဲရောက်နေသူတွေနဲ့ ဗုံးခိုကျင်းထဲ ဝင်ရောက်နေထိုင်လိုက်နိုင်တာကြောင့် လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကနီမြို့နယ်အတွင်း မေလ ၅ ရက်နေ့က စတင်ကာ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ခဲ့တဲ့အတိုင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကို ခံခဲ့ရပြီး လက်ရှိမှာလည်း ဖုန်းလိုင်းအချို့သာ ရံဖန်ရံခါ ပြန်ရရှိနေသေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့