Southern YSO PDF အဖွဲ့ထံ ဗိုလ်လေးအဆင့်ရှိရဲတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်

Author မင်းထက်
Categories
Published on Dec 30, 2023

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့တွင် တာ၀န်ကျနေသော ဗိုလ်လေးအဆင့်ရှိ ရဲတစ်ဦး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ခိုလှုံ့ အလင်း၀င်ရောက်လာကြောင်း Southern YSO PDFအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

 

ရဲဗိုလ်လေး ဆန်းလင်း ဆိုသူသည်  Southern YSO PDFအဖွဲ့သို့ ခြောက်လုံးပြူးသေနတ် တစ်လက် ၊ ခြောက်လုံးပြူးကျည် အတောင့် ၃၀ ၊ ဗုံးသီး သုံးလုံး၊လက်ထိပ် တစ်ခု ၊ 7.62×51 G3 ကျည် အတောင့် ၁၂၀တောင့် တို့နှင့်အတူ လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

၄င်း ရဲသားသည် Southern YSO PDFအဖွဲ့သို့ လွန်ခဲ့သော  ၃ လခန့်က လာရောက်ခိုလှုံရန် ဆက်သွယ်ထားသော်လည်း  လာရောက်ရန်နေရာ ဝေးနေသည့်အတွက် လာရောက်ရန် ခက်ခဲ ခဲ့ကြောင်း၊ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်ဖြင့် ခက်ခက်ခဲခဲ လာရောက်ကာ လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ထို့အပြင် Southern YSO PDF မှ နွေးထွေးစွာ ကြိုဆိုပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း ၊  ၄င်းရဲဘော်နေထိုင်လိုသော နေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

” Southern YSO PDF ဆိုတာ တပ်ရင်းတပ် ဖွဲ့အသိမှတ်ပြုအဖွဲ့လည်း မဟုတ်ဘူး ၊ local အနေနဲ့ ရပ်တည်တာဆိုတော့  လိုအပ်ချက်တွေအများကြီးရှိနေတယ်။ local အနေနဲ့ဆိုတာ ဒီလို CDM တွေကိုလက်ခံဖို့ ၊ ဂုဏ်ပြုချီးမြှင့်ငွေ ပေးဖို့ရာ အလှမ်းဝေးတယ် ၊ ဒါပေမဲ့ ကိုယ့်မှာရှိတာ မပြည့်မီတော့ လိုအပ်တာတွေ ချေးငှားပြီးတော့ ဂုဏ်ပြုပေးတာရှိတယ်” ဟု တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

 

အလင်းဝင်ရောက်လာသော ရဲဗိုလ်လေး ဆန်းလင်းသည် စစ်ကောင်စီတပ်သားများက ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းအား မနှစ်မြို့ခြင်း ၊ ပြည်သူများ၏ အိုးအိမ် နှင့် စည်းစိမ်ကို မီးရိူ့ဖျက်ဆီးလုယက်ယူဆောင်ခြင်းကို မနှစ်မြို့ခြင်း ၊ အာဏာရှင်အတွက် အလုပ်လုပ်ခြင်းကို မနှစ်မြို့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Southern YSO PDF အနေဖြင့်လည်း နောက်ထပ် လက်နက်အပ် အလင်းဝင်ရောက်သွားမည့် စစ်ကောင်စီတပ်သားများကို နွေးထွေးစွာ ကြိုလျက်ရှိကြောင်း ၊  မိဘပြည်သူများ အနေဖြင့်လည်း မိမိတို့တတ်နိုင်ရာဘက်မှ ပါဝင်ကူညီပေးပါရန် အကူအညီတောင်းခံ ထားသည်။

 

ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦး G3တစ်လက်နှင့် အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ရာတွင်လည်း ကျပ် သိန်း ၈၀ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – Southern YSO PDF