အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက်ချုပ်ကိုင်ရန် စနစ်တကျပြင်ဆင်ထားသည့် ရွေးကောက်ပွဲစနစ်

Published on Sep 01, 2025

အဓိကတွေ့ရှိချက်များ (Executive Summary)

 

ဤအစီရင်ခံစာသည် စစ်ကော်မရှင်က ကျင်းပရန် ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲ၏ သတိပြုရမည့် ပြောင်းလဲထားသည့် နည်းစနစ်များ၊ ကျင်းပမည့်ပုံစံများ၊ သတ်မှတ်ချက်များကို သုံးသပ်ထားသည်။ အဓိကတွေ့ရှိချက်မှာ အဆိုပါရွေးကောက်ပွဲသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုမဟုတ်ဘဲ၊ စစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာတို့ကို အသုံးပြု၍ စနစ်တကျ တွက်ချက်ကစားထားသည့် နိုင်ငံရေးလုပ်ကြံမှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီသည် (၁)ရွေးကောက်ပွဲနည်းစနစ်နှင့် ကျင်းမည့်ပုံစံများပြောင်းလဲခြင်း၊ (၂)နယ်မြေကန့်သတ်၍ အပိုင်းလိုက်ကျင်းပခြင်း၊ (၃) လွှတ်တော်ခေါ်ယူမှုဆိုင်ရာ ဥပဒေအားနည်းချက်ကို အသုံးချခြင်း၊ (၄) အစိုးရဖွဲ့စည်းမှုကိုလွှမ်းမိုးချုပ်ကိုင်ခြင်း ဟူသော နည်းလမ်းများဖြင့် စစ်တပ်က အသာစီးရမည့် လွှတ်တော်နှင့် အစိုးရတစ်ရပ်ကို ဖန်တီးကာ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေကြောင်း ဤအစီရင်ခံစာက ဖော်ထုတ်တင်ပြထားသည်။

 

နိဒါန်း

 

အာဏာသိမ်း ၅ နှစ်ပြည့်ခါနီးအချိန်တွင် စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန်အင်တိုက်အားတိုက် လုပ်ဆောင်လာနေသည်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။  ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အပိုင်း(၁) ဖြစ် ကာ မြို့နယ် ၁၀၂ မြို့နယ်တွင်သာ ကျင်းပမည်ဖြစ်သည်။ အပိုင်း(၂)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီတွင် ဆက်လက်ကျင်းပမည်ဟုဆိုသော်လည်း တိကျသည့် နေ့စွဲနှင့် ထုတ်ပြန်မှုကိုမူ လုပ်ဆောင်လာခြင်း မရှိသေးပေ။ စစ်ကော်မရှင်က အပိုင်း (၁) စီစဉ်ထားမှုပုံစံသည် အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက်ချုပ်ကိုင်ရန် စနစ်တကျပြင်ဆင်ထားသည့် အခြေအနေဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

(၁)ရွေးကောက်ပွဲနည်းစနစ်နှင့် ကျင်းမည့်ပုံစံများပြောင်းလဲခြင်း၊

 

စစ်ကော်မရှင်သည်  ၎င်းတို့ အလိုကျ နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသာ အနိုင်ရရှိရေး ရွေးကောက်ပွဲကျင်းပသည့် စနစ်အချို့ကို အပြောင်းအလဲ လုပ်ဆောင်ခဲ့သည်။ အဓိကအားဖြင့် ယခင်က မဲအများဆုံးရရှိသူ အနိုင်ရသည့် (First-Past-the-Post) စနစ်ကိုကျင့်သုံးခဲ့ရာမှ၊ အချိုးကျကိုယ်စားပြု (Proportional Representation) စနစ် ကိုသာထည့်သွင်းကျင်းပလာခြင်းဖြစ်သည်။ သို့သော်လည်း PR စနစ်ကို သီးသန့်ကျင်းပခြင်းမဟုတ်ဘဲ ရောနှောအမတ် (MMP) စနစ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးကိုယ်စား ပြုလွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် FPTP  စနစ်ဖြင့်ကျင်းပပြီး၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ်အပြင် PR စနစ်ကိုထည့်ပါထည့်သွင်းကာ ရောနှောအမတ်စနစ် (MMP) ကိုအသုံးပြုထားသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော်များသည်လည်း အမျိုးသားလွှတ်တော်ကဲ့သို့ပင် FPTP နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် MMP စနစ်ကို အသုံးပြုမည်ဖြစ်သည်။ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကတော့  PR စနစ်အတွက် သီးခြားမဲပေးရန်မလိုဘဲ FPTP မဲရလဒ်ကိုပင် အခြေခံတွက်ချက်မည်ဟု တရားဝင်ပြောကြားထားသည်။ 

 

ထို့ကြောင့် ဒေသတစ်ခုတွင် မဲပေးရမည့် ပုံစံသည် ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်ဖြင့် ဆန္ဒမဲ ၁မဲ၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ် နှင့် PR စနစ်ပေါင်းထားသည့် ဆန္ဒမဲ ၁ မဲ၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် FPTP စနစ် နှင့် PR စနစ် ပေါင်းထားသည့် ဆန္ဒမဲ ၁ မဲ၊ တိုင်း/ပြည်နယ် တိုင်းရင်းသားလူမျိုးကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အတွက် (ကိုယ်စားပြုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မဲဆန္ဒနယ် မသတ်မှတ်ထားသည့် လူမျိုးစုများအနေဖြင့် မဲပေးရန်မလို) FPTP စနစ်ဖြင့် ဆန္ဒမဲ ၁မဲ ပေးရမည်ဖြစ်သည်။  

 

သို့သော် အဆိုပါဆန္ဒမဲများမှ ကိုယ်စားလှယ်များရွေးချယ်ရာတွင်မူ မြို့နယ် ၁ မြို့နယ်တွင် FPTP စနစ်ဖြင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် FPTP စနစ်ဖြင့် အခြားမြို့နယ်များဖြင့်ပေါင်းစပ်ထားသည့် သက်ဆိုင်ရာမဲဆန္ဒနယ်က ကိုယ်စားလှယ် ၁ ဦး၊ PR စနစ်ဖြင့် အခြားမြို့နယ်များဖြင့် ပေါင်းစပ်ထားသည့် သက်ဆိုင်ရာမဲဆန္ဒနယ်က ခွဲဝေထားသည့် ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက်  FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၁ဦး၊ PR စနစ်ဖြင့် အခြားမြို့နယ်များဖြင့် ပေါင်းစပ်ထားသည့် သက်ဆိုင်ရာမဲန္ဒနယ်က ခွဲတမ်းရရှိထားသည့်ကိုယ်စားလှယ်များ၊ တိုင်း/ပြည်နယ် တိုင်းရင်းသားလူမျိုးကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် FPTP စနစ်ဖြင့် တိုင်း/ပြည်နယ် တစ်ခုတွင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရမည့်ပုံစံဖြစ်သည်။

 

ထို့ကြောင့် လက်ရှိစစ်ကော်မရှင်က ပြောင်းလဲလိုက်သည့် ရွေးကောက်ပွဲစနစ်သည် အလွန်ရှုပ်ထွေးပြီး ရွေးကောက်ပွဲများနှင့် အသားကျရင်းနှီးမှုနည်းနေသေးသည့် မြန်မာပြည်သူများအတွက် ရှုပ်ထွေးခက်ခဲစေမည့် စနစ်ဖြစ်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ မဲမသမာမှုများလည်း များစွာလုပ်ဆောင်နိုင်သည်။

 

(၂) နယ်မြေကန့်သတ်၍ အပိုင်းလိုက်ကျင်းပခြင်း၊ 

   

စစ်အုပ်စုသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် စစ်ရေးအရရှုံးနိမ့်ထားသည့် နယ်မြေများတွင် ရွေးကောက်ပွဲ မကျင်းပသည့်အပြင် ရာနှုန်းပြည့်နီးပါး စိုးမိုးမှုရှိသည့် ရန်ကုန် နှင့် ဧရာဝတီတိုင်း ဒေသများတွင်လည်း နေရာကွက်ကျားသာ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

 

မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည်ဟု ကြေညာလာသည့် မြို့နယ်များသည် စုစုပေါင်း ၁၀၂မြို့နယ်သာ ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ကွက်ကျားမိုးဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ကြံရွယ်လာခြင်းဖြစ်သည်။ 

 

ရွေးကောက်ပွဲ အပိုင်း(၁)တွင် စစ်အုပ်စုသည် နယ်မြေရွေးချယ်မှုကို သတိကြီးစွာ ထားရှိပြီး ရွေးချယ်ခဲ့သည်ကို တွေ့မြင်ရသည်။ မြို့နယ် အများစုသည် ၎င်းတို့ စိုးမိုးရာဒေသဖြစ်ပြီး မြို့နယ်အချို့သာ စစ်ရေးအရ အားပြိုင်နေသည့် မြို့နယ်များဖြစ်ပြီး စစ်အုစ်စု၏ အစိုးရရုံးများ ဖွင့်လှစ်ထားနိုင်ဆဲမြို့နယ်များဖြစ်သည်။

 

ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို FPTP စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ မဲဆန္ဒနယ်များမှာ မြို့နယ်ကိုအခြခံထားသည့်အတွက် မဲဆန္ဒနယ် ၁၀၂ ခုရှိပြီး ကိုယ်စားလှယ် ၁၀၂ ယောက်ထွက်ပေါ်လာမည်ဖြစ်သည်။ 

 

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်မူ FPTP နှင့် PR စနစ်နှစ်ခုစလုံးတွင် မြို့နယ်ကို အခြေခံမထားဘဲ မဲဆန္ဒနယ်များကို အခြေခံထားခြင်းဖြစ်သည်။ ထို့ကြောင့် ကျင်းပမည့်မြို့နယ် ၁၀၂ မြို့နယ်တွင် FPTP အတွက်  မဲဆန္ဒနယ်ပေါင်း ၆၂ ခုရှိပြီး၊ PR အတွက်မဲဆန္ဒနယ် ၂၆ ခုရှိမည်ဖြစ်သည်။ သို့သော်လည်း ကိုယ်စားလှယ်အရေအတွက်မှာ မဲဆန္ဒနယ်အတိုင်း ရရှိမည်မဟုတ်ပေ။

 

အဘယ့်ကြောင့်ဆိုသော် သတ်မှတ်မဲဆန္ဒနယ်အများစုသည် ရွေးကောက်ပွဲအပိုင်း (၁) တွင် မြို့နယ်များစုံလင်စွာမပါသောကြောင့်ဖြစ်သည်။ ထင်ရှားစွာပြရမည်ဆိုလျှင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ်(၁) FPTP ကြည့်ပါ။ ယင်းမဲဆန္ဒနယ်တွင် ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း မြို့နယ်များပါဝင်သည်။ သို့သော်လည်း ရွေးကောက်ပွဲ အပိုင်း(၁) တွင်မှု အဆိုပါမဲဆန္ဒနယ်အတွက် ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း မြို့နယ်များသာပါဝင်ပြီး ဆွမ်ပရာဘွမ်နှင့် မချမ်းဘောမြို့နယ်များ မပါဝင်သေးပေ၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ်(၁) PR စနစ်တွင်လည်း  မဲဆန္ဒနယ်အတွင်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ တနိုင်း၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့်လော် မြို့နယ်များပါသော်လည်း ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ တနိုင်းမြို့နယ်များသာပါဝင်သည်။ ထို့ကြောင့်ယင်းကဲ့သို့သော မြို့နည်အပြည့်အစုံ ပါဝင်လာခြင်းမရှိသေးသည့် မဲဆန္ဒနယ်မျိုးတွင် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် ကိုယ်စားလှယ် ရွေးချယ်နိုင်ဦးမည်မဟုတ်ပေ။ ယင်းအခြေအနေသည် ရွေးကောက်ပွဲ မဲမသမာမှုလုပ်နိုင်သည့် အခြေအနေပင်ဖြစ်သည်။ ရွေးကောက်ပွဲ တကြိမ်တည်းဖြင့် ကိုယ်စားလှယ်လောင်း မရွေးချယ်နိုင်သည့်ဒေသများတွင် အပိုင်း(၁)ကျင်းပနိုင်သည့် မြို့နယ်များမှ ထွက်ပေါ်လာသည့် ရလဒ်များကို ကြည့်ပြီး ကျန်ရှိသည့် မြို့နယ်များမှ ရွေးကောက်ပွဲ ရလဒ်ကို မသမာသည့်နည်းဖြင့် ပြောင်းလဲအောင် လုပ်ဆောင်နိုင်သည့်အခြေအနေမြင့်မားနေသည်။

 

စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များကို အခြေခံပြီး တွက်ချက်ပိုင်းခြားမှုများအရ ရွေးကောက်ပွဲ အပိုင်း (၁) အမျိုးသားလွှတ်တော် FPTP စနစ်တွင်  အပြည့်အဝကျင်းပနိုင်သည့် မဲဆန္ဒနယ် ၁၁ နယ်သာရှိပြီး ကိုယ်စားလှယ်လောင်း ၁၁ ဦးသာရွေးချယ်နိုင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော် PR စနစ်တွင်လည်း အပြည့်အဝကျင်းပနိုင်သည့် မဲဆန္ဒနယ် ၁ နယ်သာ ရှိပြီး ကိုယ်စားလှယ် ၂ ဦးသာ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထို့အတူ တိုင်း/ပြည်နယ် လွှတ်တော် PR စနစ် မဲဆန္ဒနယ်များတွင်လည်း မဲဆန္ဒနယ် တစ်ခုတည်းတွင် ပထမအကြိမ်တွင် ကျင်းပနိုင်သည့် မြို့နယ်နှင့် မကျင်းပနိုင်သည့်မြို့နယ်များ ပါဝင်နေသည့် မဲဆန္ဒနယ် များစွာရှိနေသည်။  ယခင်မြို့နယ်ကို ကိုယ်စားပြုသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)၊ အမှတ်(၂)ဟု မဲဆန္ဒနယ် ခွဲခြားထားမှုအစား မြို့နယ်အလိုက် ကိုယ်စားပြုသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို FPTP ဖြင့် ရွေးချယ်စေပြီး အခြားသော ကိုယ်စားလှယ်တစ်ဦးကို PR စနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

 

ရွေးကောက်ပွဲ အပိုင်း(၁) ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် FPTP စနစ် ကိုယ်စားလှယ်များသာ ထွက်ပေါ်လာမည်ဖြစ်ပြီး မဲဆန္ဒနယ်သတ်မှတ်မှုအရ PR စနစ်ဖြင့် ကိုယ်စားလှယ်ထွက်ပေါ်လာမှု မရှိပေ။ ထို့အပြင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးတွင် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်သည် အလုံးစုံသော မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲမလုပ်ဆောင်နိုင်သေးသည်အထိ ထွက်ပေါ်လာမည် မဟုတ်ပေ။

 

ထို့ကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁) တွင် ပြည်ထောင်စုအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးသာ ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အတွက်လည်း မြို့နယ် ၁၀၂ မြို့နယ်က ကိုယ်စားလှယ် ၁၀၂ ဦးသာ ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။

(၃) လွှတ်တော်ခေါ်ယူမှုဆိုင်ရာ ဥပဒေအားနည်းချက်ကို အသုံးချခြင်း

 

စစ်အုပ်စု ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေတွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀အတွင်း ပြည်သူ့လွှတ်တော်ခေါ်ယူရမည်ဟု ဖော်ပြထားသည်။ အမျိုးသားလွှတ်တော်ကိုတော့ ပြည်သူ့လွှတ်တော်ကျင်းပတဲ့ နေ့မှာခေါ်ယူရမယ်လို့ဆိုပါတယ်။ ထို့ကြောင့် အပိုင်း(၁) ပြီးချိန်တွင် အပိုင်း(၂)ကို ဆက်လက် မကျင်းပဘဲ လွှတ်တော်ခေါ်ယူခြင်းကို စစ်အုပ်စုက လုပ်ဆောင်လာနိုင်သည်။

 

စစ်အုပ်စု ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေတွင် အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀အတွင်း လွှတ်တော်ခေါ်ယူရမည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် အပိုင်း(၁) ပြီးချိန်တွင် အပိုင်း(၂)ကို ဆက်လက် မကျင်းပဘဲ လွှတ်တော်ခေါ်ယူခြင်းကို စစ်အုပ်စုက လုပ်ဆောင်လာနိုင်သည်။

 

ထို့အပြင် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် အစည်းအဝေးတက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်တက်ရောက်ပါက လွှတ်တော်အထမြောက်သည်ဟု သတ်မှတ်ထားသည်။ အစည်းအဝေးတက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေဆိုသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် ဒေသများမှ ကိုယ်စားလှယ်လောင်းများကို ထည့်သွင်းတွက်ချက်ခြင်း မရှိသည့် အနက်ဆောင်သည်။

 

ထို့ကြောင့် အပိုင်း(၁)အပြီး ထွက်ပေါ်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်အုပ်စုကရွေးချယ်ထားသည့် စစ်တပ်ကိုယ်စားလှယ်များပေါင်းပြီး ၅၀ရာခိုင်နှုန်းကျော် လွှတ်တော်အစည်းအဝေး ပထမနေ့ကို တက်ရောက်ပါက လွှတ်တော်အထမြောက်မည်ဖြစ်သည်။

 

ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပုံအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် ၃၃၀ ဦးသာ ရှိပြီး တပ်မတော်သားကိုယ်စားလှယ်သည် ၁၁၀ ဦးဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၂၅ရာခိုင်နှုန်းကို ရရှိထားသည်။ 

 

အမျိုးသားလွှတ်တော်၏ ဖွဲ့စည်းပုံအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် ၁၆၈ဦးသာ ရှိပြီး တပ်မတော်သားကိုယ်စားလှယ်သည် ၅၆ဦးဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ၂၅ရာခိုင်နှုန်းကို ရရှိထားသည်။ 

 

ရွေးကောက်ပွဲ အပိုင်း(၁) တွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၀၂ ဦး၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၃ ဦး သာ ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။ ထိုအခြေအနေတွင် စစ်အုပ်စုက သူတို့၏ စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦးထည့်သွင်းမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်ရှင်က နေ့တွင် တရားဝင်ပြောကြားထားသည်။

 

ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း(၁) အပြီးတွင် အပိုင်း(၂) ဆက်လက်ကျင်းပခြင်းမရှိဘဲ လွှတ်တော်အသီးသီးကိုခေါ်ယူပါက ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၂ ဦးနှင့် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးရှိနေမည်ဖြစ်သည်။ ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက ရွေးကောက်ခံကိုယ်စားလှယ်သည် ၄၈ဒသမ၁၁ ရာခိုင်နှုန်းသာ ရှိပြီး တပ်မတော်သားကိုယ်စားလှယ်သည် ၅၁ဒသမ၈၉ ရာခိုင်နှုန်းထိ ရယူထားမည်ဖြစ်သည်။ 

 

အမျိုးသားလွှတ်တော်များတွင်လည်း ရွေးကောက်ခံကိုယ်စားလှယ် ၁၃ ဦး၊ စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး ရှိနေပြီး  ရွေးကောက်ခံကိုယ်စားလှယ်သည် ၁၈ဒသမ၈၄ ရာခိုင်နှုန်းနှင့် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈၁ဒသမ၁၆ ရာခိုင်နှုန်းထိ ရယူထားမည်ဖြစ်သည်။ 

 

ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း(၁) အပြီး လွှတ်တော်ခေါ်ယူမည်ဆိုပါက ရွေးကောက်ခံကိုယ်စားလှယ်များ မပါဘဲနှင့်ပင် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသီးသန့်ဖြင့်ပင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များကို ခေါ်ယူနိုင်သည့်အခြေအနေရှိနေသည်။

 

ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် ၁၁၅ ဦး ရှိမည်ဖြစ်ပြီး စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးရှိမည်ဖြစ်သည်။ ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက ရွေးကောက်ခံ ၄၀ဒသမ၉၂ ရာခိုင်နှုန်းနှင့် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်သည်။ 

 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင်လည်း အပိုင်း(၁) တွင် မြို့နယ်ကို အခြေခံထားသည့် FPTP စနစ်အရ ရွေးချယ်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ်များသာ လွှတ်တော်တက်ရောက်နိုင်မည်ဖြစ်သည်။ စစ်အုပ်စုမှ စေလွှတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းမှာ အလိုလျှောက် ကိုယ်စားလှယ်များဖြစ်လာမည် ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကိုလည်း စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ ကျင်းပသည့် လွှတ်တော်များ ဖြစ်လာမည်ဖြစ်သည်။ 

 

ထို့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ ၏ လွှတ်တော်ဥက္ကဋ္ဌများသည်လည်း စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာနိုင်သည်။

(၄) အစိုးရဖွဲ့စည်းမှုကိုလွှမ်းမိုးချုပ်ကိုင်ခြင်း

 

အစိုးရဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ဘယ်အချိန် ဘယ်ကာလတွင် ဖွဲ့စည်းနိုင်ကြောင်းသတ်မှတ်ပြဋ္ဌာန်းထားခြင်းမျိုးမတွေ့ရပေ သို့သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့က သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ်တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှ ၁၅ရက်အတွင်း ကျင်းပရမည်ဟုပါရှိသည့်အတွက် ရွေးကောက်ပွဲ အပိုင်း(၁) ပြီးနောက် လွှတ်တော်များခေါ်ယူပြီး အစိုးရဖွဲ့စည်းနိုင်သည့်အခြေအနေရှိနေသည်။

 

အစိုးရဖွဲ့စည်းမှုတွင် နိုင်ငံတော် သမ္မတက အဓိကကျသည့်အခန်းကဏ္ဍကပါဝင်သည်။ လွှတ်တော်နှစ်ရပ်ရှိလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ရွေးကောက်ခံအစုအဖွဲ့ ၊အမျိုးသားလွှတ်တော် ရွေးကောက်ခံ အစုအဖွဲ့၊ လွှတ်တော်နှစ်ရပ်စလုံးရှိ စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ များက ဒုသမ္မတ တစ်ဦးစီရွေးချယ်က ထိအထဲက မှ နိုင်ငံတော်သမ္မတကိုရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း(၁) ပြီးနောက် အပိုင်း (၂) ကိုဆက်လက်ကျင်းပခြင်း မရှိဘဲ  နိုင်ငံတော် သမ္မတ ရွေးချယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက အရေအတွက်အများစုဖြစ်နေသည့် စစ်အုပ်စုက သမ္မတကို စိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်သည့် အခြေအနေဖြစ်သည်။

 

ထို့အပြင် သမ္မတက ပြည်ထောင်စုဝန်ကြီးများအပါအဝင်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌကိုပါ ခန့်အပ်နိုင်သည့်အာဏာ ရှိသည်။ ထို့ကြောင့် စစ်အုပ်စုက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရေး နယ်ပယ် သုံးခုစလုံးကို အပြည့်အဝနီးပါ ဆက်လက် ချုပ်ကိုင်မည့် အခြေအနေဖြစ်သည်။

 

 

အနှစ်ချုပ်သုံးသပ်ချက်

 

စစ်ကော်မရှင်က လွှတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟုဆိုထားသော်လည်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ စစ်အုပ်စုဆက်လက် အုပ်စိုးရေးကိုသာ စီစဉ်ထားခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့မြင်ရသည်။

 

အထူးသဖြင့် ရွေးကောက်ပွဲကျင်းပသည့် နည်းစနစ်များပြောင်းလဲခြင်း၊ လုံခြုံရေးလိုအပ်ချက်ကြောင့်မဟုတ်ဘဲ အပြည့်အဝစိုးမိုးနယ်မြေများတွင်ပါ အပိုင်းလိုက်ခွဲကျင်းပခြင်းများသည်။ ပြည်သူများကိုနားမလည်ရှုပ်ထွေးစေပြီး ၎င်းတို့လက်ဝေခံပါတီများ အနိုင်ရရေးမသမာမှုများဖန်တီးနိုင်သည့်အနေအထားဖြစ်သည်။ 

 

အပိုင်း(၁) ပြီးနောက် လွှတ်တော်ခေါ်ယူခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းများလုပ်ဆောင်မည်ဆိုပါက စစ်အုပ်စုသည် ပြည်သူ့လွှတ်တော်တွင် ၅၀ ရာခိုင်နှုန်းအထက်၊ အမျိုးသားလွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းအထက်၊ ပြည်ထောင်စုလွှတ်တော်တွင် ၅၀ ရာခိုင်နှုန်းအထက် ရရှိမည်ဖြစ်ပြီး။ သမ္မတနှင့်အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ တို့ ကိုလည်းခန့်အပ်နိုင်သည်။ ထို့ကြောင့် စစ်အုပ်စုသည် ရွေးကောက်ပွဲပြုလုပ်ပြီး အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဟုမကြာခဏ ပြောနေသော်လည်း ၎င်းသည့်၏ ထုတ်ပြန်ချက် ပြဌာန်းချက်များနှင့် နည်းစနစ်များသည် စစ်အုပ်စုက ဆက်လက်ချုပ်ကိုင်မည့်အနေအထားကို မီးမောင်းထိုးပြနေသည်။ အဆိုပါအခြေအနေသည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရသို့ အဆင့်ဆင့်ဆင့်ပြောင်းလဲမည့် ပုံစံမဟုတ်ဘဲ အရာအားလုံးကို စစ်တပ်က အပြည့်အဝဆက်လက်ထိန်းချုပ်ဖို့ စီမံဆောင်ရွက်ချက်ပင်ဖြစ်သည်။ 

  

အစီရင်ခံစာ PDF ဖိုင်ကို ဒီမှာ ရယူနိုင်ပါတယ်။