အပူပိုင်းမုန်တိုင်း ဒါနတ်က တရုတ်နိုင်ငံအရှေ့ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နေ

Author CJ Platform
Categories
Published on Jul 09, 2025

ထိုင်ဝမ်မှာ လူနှစ်ဦး သေဆုံးစေခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကနေ အားလျော့သွားတဲ့ အပူပိုင်းမုန်တိုင်း ဒါနတ်က တရုတ်ပြည် အရှေ့ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါတယ်။

 

ဒါကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မိုးသည်းထန်ခြင်းနဲ့ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

မုန်တိုင်းဟာ ကျဲ့ကျန်းနဲ့ ဖူကျန့် ပြည်နယ်တွေကို ဖြတ်ကျော်ကာ ကျန်းရှီးနဲ့ ကွမ်တုံ ပြည်နယ်တွေဘက်ကို ရွေ့လျားနေကာ အချို့နေရာတွေမှာ မိုးရေချိန် ၁၁ လက်မကျော်ထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဖူကျိုးနဲ့ ရှီယာမန်လို မြို့ကြီးတွေမှာတော့ အာဏာပိုင်တွေက ပင်လယ်လေကြောင်း သွားလာမှုကို ရပ်ဆိုင်းထားပြီး ကျောင်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံတွေကိုလည်း အိမ်ထဲမှာပဲ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

 

မုန်တိုင်းက တစ်နာရီကို ၉ မိုင်ကနေ ၁၂ မိုင်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို ရွေ့လျားနေတာကြောင့် မြစ်ရေလျှံကာ အဆောက်အအုံတွေ ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေတာပါ။

 

အခြားပြည်နယ်တွေမှာ ဇူလိုင် ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနေအုံးမယ်လို့ ခန့်မှန်းထားပေမယ့် တစ်ချိန်တည်းမှာပဲ အန်းဟွေး၊ ဟူပေနဲ့ ဟူနန်လို ကုန်းတွင်းပိုင်းပြည်နယ်တွေမှာတော့ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ခန့်နဲ့ အလွန်အမင်း ပူပြင်းလျက်ရှိပါတယ်။

 

တရုတ်နိုင်ငံမှာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် စီးပွားရေး စိန်ခေါ်မှုတွေပါ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ်က တရုတ်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

Source – Reuters

 

ဓာတ်ပုံ – Reuters