ထရန့်ရဲ့ ချီးကျူးစကားကြောင့် အာဖရိကတိုက်တစ်လွှား ဝေဖန်မှုတွေ ထွက်ပေါ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဖရိကခေါင်းဆောင် ၅ ဦးနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတုန်း လိုင်ဘေးရီးယားသမ္မတ ဂျိုးဆက် ဘိုကိုင်းရဲ့ အင်္ဂလိပ်စကားပြော အရမ်းကောင်းတာကို ချီးကျူးခဲ့ပါတယ်။
ပြီးတော့ “ဒီလောက် အင်္ဂလိပ်စကားပြောကောင်းအောင် ဘယ်မှာ သင်ခဲ့တာလဲ” လို့ မေးလိုက်တဲ့အတွက် အာဖရိကတိုက်တစ်လွှားမှာ ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
လိုင်ဘေးရီးယားနိုင်ငံဆိုတာ အင်္ဂလိပ်စကားကို တရားဝင်ရုံးသုံးအဖြစ် သုံးတဲ့နိုင်ငံဖြစ်ပြီး သမ္မတ ဘိုကိုင်းကိုယ်တိုင်ကလည်း သူ့နိုင်ငံမှာပဲ ပညာသင်ကြားခဲ့တာပါ။
ဒါကြောင့် ထရမ့်ရဲ့ အခုလိုမေးခွန်းဟာ အာဖရိကတိုက်အပေါ် အထင်သေးတဲ့၊ ခေတ်နောက်ပြန်ဆွဲတဲ့ ရှေးရိုးစွဲအမြင်တွေကို ထင်ဟပ်နေပြီး စော်ကားတဲ့သဘော ဖြစ်နေတယ်လို့ လိုင်ဘေးရီးယားပြည်သူတွေနဲ့ အာဖရိကက သတင်းသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
ဝေဖန်သူတွေက ထရမ့်ဟာ လိုင်ဘေးရီးယားရဲ့ သမိုင်းနဲ့ ဘာသာစကားအကြောင်း ဘာမှ မသိတဲ့သူဖြစ်တယ်လို့ စွပ်စွဲကြသလို၊ အရင်တုန်းကလည်း အာဖရိကနိုင်ငံတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ပြောခဲ့တာတွေကို ပြန်ပြီး ထောက်ပြ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ကတော့ ထရန့်ရဲ့ စကားဟာ “ရိုးသားတဲ့ ချီးကျူးစကား” သက်သက်ပဲ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။
လိုင်ဘေးရီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း သမ္မတ ဘိုကိုင်းအနေနဲ့ ဒီစကားအပေါ်မှာ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပြီး ထရမ့်က အာဖရိကရဲ့ သဘာဝ သယံဇာတတွေကို ချီးကျူးခဲ့သလို၊ အမေရိကန်အနေနဲ့ ဒီတိုက်ကြီးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ တိုက်တွန်းသွားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source – CNN
ဓာတ်ပုံ – NBC