အမေရိကန်က ကိုယ်ကျိုးစီးပွားမြှင့်တင်နေချိန် ကမ္ဘာ့ Soft Power ကို တိုးချဲ့လာနေတဲ့ တရုတ်

Author CJ Platform
Categories
Published on Jul 16, 2025

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေကို လျှော့ချနေချိန်မှာ တရုတ်ကတော့ နိုင်ငံအများစုအပေါ် သံတမန်ရေးအရ လွှမ်းမိုးဖို့ ကြိုးစားမှုတွေက တိုးပွားလာနေတယ်လို့ အမေရိကန်အထက်လွှတ်တော်ရဲ့ အစီရင်ခံစာတစ်ခုက မီးမောင်းထိုးပြခဲ့ပါတယ်။

 

ဥပမာအားဖြင့် တရုတ်ဟာ မြန်မာနိုင်ငံ ငလျင်အပြီး ကယ်ဆယ်ရေးဝန်ထမ်း ၆၀၀ နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိတဲ့ အကူအညီတွေ ပေးပို့ခဲ့ချိန်မှာ အမေရိကန်ရဲ့ တုန့်ပြန်မှုက အနည်းငယ်သာရှိခဲ့ပါတယ်။

 

တရုတ်ဟာ အာဖရိကနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ အကူအညီကွာဟချက်တွေကိုလည်း ဖြည့်ဆည်းပေးရုံမက၊ နိုင်ငံတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကိုလည်း ကြားဝင်ဖြေရှင်းခွင့်ရဖို့ ကြိုးစားရင်း သူတို့ရဲ့ soft power သြဇာကို တိုးချဲ့လျက်ရှိပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ နေတိုးမဟာမိတ်တွေအတွက် လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ပစ်ချနိုင်ဖို့အတွက် ဒုံးကာကွယ်ရေးစနစ်ကို ထုတ်လုပ်ပေးဖို့ ပြင်ဆင်နေခဲ့ပြီး။ နေတိုးမဟာမိတ်တွေကလည်း အဲဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ယူကရိန်းဆီ ပေးပို့သွားမယ်လို့ ကြေညာလိုက်ပါတယ်။

 

ဒါ့အပြင် ထရန့်က ရုရှားကို ရက် ၅၀ အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တွေ လက်ခံဖို့၊ ဒါမှမဟုတ်ရင် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဖိအားပေးခဲ့ပါတယ်။

 

အမေရိကန်ဟာ ရန်သူနိုင်ငံတွေတင်မကဘဲ မဟာမိတ်နိုင်ငံတွေအပေါ်မှာပါ အခွန်နှုန်းထားတွေ တိုးမြှင့်ကာ ကုန်သွယ်စစ်ကို ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။

 

အရင်က ကမ္ဘာ့အရေးတွေမှာ ဦးဆောင်ပါဝင်ပေးခဲ့တဲ့ အမေရိကန်ဟာ ထရန့်တက်လာပြီးနောက်ပိုင်း ကမ္ဘာ့အရေး၊ လူသားချင်းစာနာထောက်ထားမှုအရေးကို စွန့်ခွာပြီး အမျိုးသား အကျိုးစီးပွားကို အာရုံစိုက်လာချိန် တရုတ်ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ယုံကြည်ကိုးစားမှုကို ရဖို့အတွက် ကမ္ဘာ့အရေးတွေမှာ ဝင်ပါကူညီဖို့ ကြိုးစားလာပြီး သူ့ရဲ့ သံတမန်သြဇာကို ပိုမိုချဲ့ထွင်လာနေတာပဲ ဖြစ်ပါတယ်။

 

Source – Reuters

 

ဓာတ်ပုံ – The Japan Times