Saung Oo Shwe Nay အထည်ချုပ်စက်ရုံတွင် လိုင်းစူပါက အထည်ချုပ်လုပ်သားကို ကိုယ်ထိလက်ရောက်ရိုက်နှက်

Author ခေတ်နီ
Categories
Published on Oct 15, 2022

လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် စက်လိုင်းအော်ဒါချိန်းချိန်အတွင်း လိုင်းစူပါတစ်ဦးက အလုပ်သမားတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုံ အမှတ်(၃၂. ၃၃.၃၄.၃၅)အလယ်လမ်း ၃ လမ်း မှာရှိသည့် Saung Oo Shwe Nay အထည်ချုပ်စက်ရုံအတွင်း အထည်အသစ်ကို ချုပ်လုပ်ဖို့ လိုင်းချိန်းရာမှာ လိုင်းအမှတ်(၂၈)မှ စူပါဖြစ်သူ ဒေါ်သူဇာ က အလုပ်သမားကို အသုံးမကျဘူးဟုဆိုကာ အလုပ်သမား၏ အပေါ်အင်္ကျီပါ စုပ်ပြဲသွားသည်အထိ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက မနေ့ကဖြစ်တာ မနေ့က စက်ရုံထဲမှာ အထည်အသစ်ကို လိုင်းချိန်းတာပါ စူပါက အထည်ချုပ်ပုံကို ပြရပါတယ်။ စက်ချုပ်သမားက အသုံးမကျလို့ဆိုပြီး အလုပ်သမားရဲ့ ကြောကိုထုပါတယ် အလုပ်သမားက ထလိုက်တော့ ဆောင့်တွန်းလိုက်တာ အကျီတွေပါပြဲကုန်တယ်။ အလုပ်သမားက စက်ရုံကဖွဲ့ထားတဲ့ WCC ကိုသွားတိုင်တယ် မထူးခြားဘူး အလုပ်ရှင်ဘက်ကဆိုတော့”ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWMမှ တာဝန်ရှိသူတစ်ဦးက CJ Platformကို ပြောသည်။

ထိုသို့ရိုက်နှက်ခံရမှုကို ကျူးလွန်ခံရသည့် အလုပ်သမားမှ အလုပ်ရှင်ဘက်က ဖွဲ့စည်းထားသည့် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရုံးခန်းထဲမှာထိုင်ခိုင်းထားပြီး မည်သည့် ဖြေရှင်းမှုမျိူးမှ လုပ်ဆောင်မပေးခဲ့ကြောင်းနှင့် အဆိုပါစက်ရုံအတွင်းတွင် နေ့စဥ် မန်နေဂျာ ၊အောစူပါ ၊စူပါ ၊လီတာများက အလုပ်သမားများအား ရိုင်းပြစွာ ဆဲဆို၊ ကြိမ်းမောင်းမှုများလည်း ရှိနေကြောင်း FGWM၏ မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်လုပ်ငန်းများမှာ လုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လုပ်သားအခွင့်အရေး ချိုးဖောက်မှုများဟာ တနေ့တခြားပိုမိုဆိုးရွားလျက် ရှိနေတာပဲဖြစ်သည်။