စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ရှက်စရာကောင်းတဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ APHR ပြော

အုပ်ချုပ်ရေးရာထူးတွေနဲ့ ဖွဲ့စည်းပုံကို အကြိမ်ကြိမ် ပြုပြောင်းလဲမှု လုပ်ဆောင်နေပြီး ဟန်ပြရွေးကောက်ပွဲကနေတဆင့် တရားဝင်မှုရရှိဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း အာဆီယံအမတ်များလူ့အခွင့်အရေးအဖွဲ့ (APHR) က ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် မြန်မာစစ်အုပ်စု ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ သူတို့လိုချင်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်မယ့် မဲအတုတွေကနေတဆင့် တရားဝင်ဖို့ ကြိုးစားနေတာဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို လျစ်လျူရှုနေတာသာဖြစ်ပြီး နိုင်ငံအာဏာကို စစ်တပ်က ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ပြောင်းလဲလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့သစ်ဟာ အမည်ပြောင်းလဲမှုသာဖြစ်ပြီး စစ်အုပ်စုကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုကနေ ရှောင်လွှဲနိုင်ဖို့ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ရာထူးတွေနဲ့ ဖွဲ့စည်းပုံကို အကြိမ်ကြိမ်ပြောင်းလဲမှုတွေ မြန်မာစစ်တပ်က လုပ်ဆောင်နေပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အဓိကကျတဲ့ ရာထူးအာဏာတွေကို ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ရွေးကောက်ပွဲဟာ အဓိကမကျသလို ဦးစားပေး လုပ်ဆောင်ရမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံက ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲဖို့နဲ့ သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးမှုကိုသာ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။
“မြန်မာစစ်အုပ်စုရဲ့ ကတိတွေအကြိမ်ကြိမ်ချိုးဖောက်တွေနဲ့အတူ ဟန်ပြရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် အာဆီယံအနေနဲ့ အဖွဲ့ရဲ့မူဝါဒနဲ့အညီ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ လိုပါတယ်။ မြန်မာစစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုတဲ့အခြေအနေမျိုး မလုပ်ဆောင်ဘဲ ချက်ချင်း အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့ ဖိအားပေးပြောဆိုဖို့ လိုအပ်ပါတယ်။ မြန်မာစစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံဖို့လည်း လိုအပ်ပါတယ်” လို့ APHR ဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှားလွှတ်တော်အမတ်လည်းဖြစ်တဲ့ Mercy Chriesty Barends က ပြောပါတယ်။
အခု ဩဂုတ် ၄ ရက်ကနေ ၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သက်သူများအားလုံးပါဝင်သည့်အစည်းအဝေး (Stakeholders Engagment Meeting on Myanmar – SEM) တက်ရောက်ဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီအော့သ်မန်ဟာရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖိတ်ကြားခဲ့ပါသေးတယ်။
ဒါပေမဲ့ NLD ပါတီအဖွဲ့ဝင်တွေရဲ့ ပြည်ပခရီးသွားလာရေးအခက်အခဲတွေကြောင့် SEM အစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိကြောင်းနဲ့ မြန်မာစစ်တပ်က အတုအယောင်ဟန်ပြရွေးကောက်ပွဲ လုပ်ဆောင်နေဖို့ ကြိုးစားနေတာကြောင့် မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို အာဆီယံအနေနဲ့ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဓာတ်ပုံ- pro SAC