ဆန်စက်အများစု လည်ပတ်မှုရပ်နားထားတာကြောင့် ဖွဲနုဈေးတွေ မြင့်တက်လာ

Author CJ Platform
Categories
Published on Sep 03, 2025

စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ဆန်ဟောင်းတွေ ရောင်းမကုန်ဖြစ်နေတာကြောင့် ဆန်စက်တွေ မလည်ပတ်နိုင်တော့ဘဲ ဖွဲနုဈေးတွေ နှစ်ဆခန့်ထိ မြင့်တက်လာခဲ့တယ်လို့ ဖွဲနုကုန်သည်တွေဆီက သိရပါတယ်။

 

ဖွဲနုဈေးနှုန်းတွေဟာ ဧရာဝတီဈေးကွက်အတွင်း တစ်ပေါင်ကို ၅၃၀ ကျပ် ဝန်းကျင်ထိ မြင့်တက်နေခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖွဲနုပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက နှစ်ဆကျော်ထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

ပြည်ပပို့ကုန်တွေ မရရှိတာကြောင့် ပြည်တွင်းမှာ ဆန်လိုအပ်ချက်ထက် ပိုမိုနေပြီး ဆန်စက်အများစုမှာ ၂၀၂၄ ခုနှစ် မိုးစပါးတွေကိုပါ ဒီကနေ့အထိ ကြိတ်ခွဲရခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် ဆန်စက်အများစုဟာ စက်လည်ပတ်မှုကို လျှော့ချထားခဲ့တာကြောင့် ဈေးကွက်အတွင်း ဖွဲနုရှားပါးလာပြီး ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

“အခုက ဆန်ကွဲက ဆန်ထက် ဈေးကြီးနေတယ်လို့ ပြောရမယ်၊ ဖွဲနုဈေးတက်တာကတော့ စက်တွေမလည်တော့ ဖွဲနုမထွက်တာရော ငါးစာနဲ့ အခြားအစာတွေအတွက် ဝယ်လိုအားမြင့်နေလို့ တက်တာ” လို့ ဧရာဝတီတိုင်းရှိ ဆန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်အုပ်စုရဲ့ အခြေခံစပါးသတ်မှတ်ချက်နဲ့ အခြေခံဆန်ဈေးသတ်မှတ်ချက်ဟာ သွင်းအားစု ကုန်ကျစရိတ်တွေအောက်ကိုသာ ရောက်ရှိနေပြီး ပြည်ပပို့ကုန် ရှာဖွေမရရှိတာကြောင့် ပြည်တွင်းမှာ ဆန်ဈေးနှုန်းနဲ့ စပါးဈေးနှုန်းတွေ ကျဆင်းလာနေပြီး ဆန်စက်အချို့ ယာယီရပ်နားထားရသလို လယ်စိုက်တောင်သူတွေမှာလဲ လယ်ယာမြေကို စွန့်ခွာမှုတွေ ရှိလာနေခဲ့ပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မြန်မာ့ဆန်တွေ နိုင်ငံတကာ ပြန်လည်တင်ပို့နိုင်ရေးအတွက် Rice Export Zone ဖော်ဆောင်ပြီး စိုက်ပျိုးလုပ်ဆောင်ဖို့ ဖိတ်ခေါ်နေပေမဲ့ အခြေခံစပါးဈေးနှုန်းသတ်မှတ်ချက်တွေကို မကျော်လွှားနိုင်တာနဲ့ သွင်းအားစုတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရရှိဖို့ မျှော်လင့်ချက် မရှိတာကြောင့် တောင်သူအများစုက ပူးပေါင်းဆောင်ရွက်လိုမှု မရှိကြဘူးလို့ သိရပါတယ်။

 

“ပြသနာက ရှင်းတယ်၊ ဆန်မပို့နိုင်တော့ ဈေးမကောင်းဘူး၊ အခြေခံဈေးနှုန်းဆိုတာကြီးကလည်း ပြသနာ၊ ဆေးတွေနဲ့ မြေဩဇာအများစုက နိုင်ငံခြားက သွင်းရတာမို့ ဈေးကြီးတော့ တောင်သူတွေ မနိုင်တော့ဘူး၊ ဆန်စက်တွေက ဆန်မဝယ်တော့ တောင်သူတွေ စပါးဈေးမကောင်းဘူး ရှုံးတယ်၊ လယ်ပြန်ငွေပြန်လုပ်ရင်းနဲ့ လယ်ဆုံးဖို့ပဲ ရှိတော့ မလုပ်တော့ဘူး” လို့ ဧရာဝတီတိုင်းတွင်းက တောင်သူတစ်ဦးက ပြောပါတယ်။

 

ဆန်စပါး အဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းအတွင်း ဆန်စက်အများစုဟာ ဆန်ဈေးကွက် ပျောက်ဆုံးနေတာကြောင့် လည်ပတ်မှုတွေကို ရပ်နားထားပြီး တနိုင်တပိုင် ကြိတ်ခွဲပြီးနောက် မြို့ပေါ်ဝန်းကျင် ဆန်ဆိုင်ငယ်လေးတွေကိုပါ လိုက်လံဖြန့်ဖြူး ရောင်းချနေရတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

ပုံစာ – ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်တစ်ခုကို မြင်ရပုံ (ပုံဟောင်း)