အဖွဲ့ဝင်အမျိုးသမီးကို အဓမ္မကျူးလွန်ဖို့ ကြိုးစားသူနှစ်ဦးကို ဗကသအဖွဲ့ချုပ်က တရားဝင်ထုတ်ပယ်၊ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့လိုအပ်နေ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က အသက် ၁၈ နှစ်အရွယ် အဖွဲ့ဝင်အမျိုးသမီး ရဲဘော်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မရယူဖို့ ကြိုးစားခဲ့တဲ့ ကိုမျိုးမောင်မောင်နဲ့ ကိုမျိုးညီညီတို့ကို ဇူလိုင် ၆ ရက်နေ့မှာ တာဝန်မှ ရပ်ဆိုင်းပြီး တရားဝင် အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗကသရဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ငှါးရမ်းထားတဲ့ နေရာတစ်ခုမှာ ကျူးလွန်သူနှစ်ဦးဟာ ဇွန်လကုန်ပိုင်းညတစ်ညက အရက်မူးပြီး နစ်နာသူရဲဘော်အမျိုးသမီး အခန်းထဲကို ခွင့်မဲ့ဝင်ရောက်ကာ အနုနည်း၊ အကြမ်းနည်း သုံးပြီး လိင်ပိုင်းဆိုင်ရာ ရယူဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
“မျိုးမောင်မောင်က သုံးလေးကြိမ်လောက် အတင်းအကျပ် တောင်းဆိုတာမျိုးရှိတယ်။ ကောင်မလေးက ငြင်းတဲ့အချိန်မှာတော့ သူ့ကို နောက်ကိုပက်လက်လန်ကျသွားအောင် တွန်းလှဲလိုက်တယ်။ ပြီးတော့ ပြောမလို့မကောင်းတဲ့ လိင်ပိုင်းဆိုင်ရာစကားတွေ ပြောပြီး အတင်းအကျပ် ကိုင်တွယ်ဖို့ ကြိုးစားတယ်” လို့ ဖြစ်စဉ်ကိုသိရှိသူ ဗကသရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
နစ်နာသူဟာ ဗကသလုပ်ငန်းတွေအတွက် လုပ်ဆောင်နေတဲ့နေရာတစ်ခုမှာ တစ်ဦးတည်း အခန်းငှားနေတဲ့ အမျိုးသမီးရဲဘော်ဖြစ်ပြီး ကျူးလွန်သူနှစ်ဦးဟာ အသက် ၁၉ နဲ့ ၂၁ နှစ်အရွယ်ရှိတဲ့ ညီအကိုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျူးလွန်မှုအစမှာ ကိုမျိုးညီညီက စတင်ပြောဆိုခဲ့ပြီး ကိုမျိုးမောင်မောင်က ထပ်မံရောက်လာကာ အတင်းအကျပ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အကြိမ်ကြိမ် ငြင်းဆန် ထွက်ပြေးခဲ့တဲ့ နစ်နာသူရဲဘော်ဟာ အိမ်နီးချင်းတွေက ထွက်ကြည့်လာတာကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအထိ မဖြစ်ခဲ့ဘဲ နံနက် ၃ နာရီခန့်မှာ ကျူးလွန်သူတွေ လက်လျော့ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ရပ်ကြောင့် အမျိုးသမီးရဲဘော်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ခံခဲ့ရပြီး ညဘက်လန့်နိုးတာ၊ အမျိုးသားတွေမြင်ရင် ကြောက်ရွံ့တာမျိုး ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့်ဖြစ်စဉ်ကို ချက်ချင်းမဖော်ပြနိုင်ခဲ့ပဲ ဇူလိုင် ၂ ရက်နေ့မှာမှ ယုံကြည်ရတဲ့ ရဲဘော်တွေကို ဖွင့်ဟပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗကသအဖွဲ့ချုပ်က ဖြစ်စဉ်ကိုသိရှိပြီးနောက် ချက်ချင်းစုံစမ်းစစ်ဆေးခဲ့ရာမှာ ကျူးလွန်သူတွေက အစပိုင်းမှာ ငြင်းဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ သွားခဲ့ကြတာကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ သို့သော် ကိုင်တွယ်ကျူးလွန်မှုနဲ့ ပတ်သက်ပြီးတော့တော့ ဆက်လက် ငြင်းဆိုနေတယ်လို့လည်း သိရှိရပါတယ်။
“ပြစ်မှုက ထင်ရှားနေတဲ့အတွက် တာဝန်ကနေ ချက်ချင်း ရပ်ဆိုင်းပြီး အရေးယူခဲ့တာပါ။ ကျွန်တော်တို့ဟာ လက်နက်ကိုင်အဖွဲ့မဟုတ်တဲ့အတွက် အဖွဲ့ဝင်ထုတ်ပယ်ခြင်းက အမြင့်ဆုံးအရေးယူမှုပါပဲ” လို့ ဗကသအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ နစ်နာသူအမျိုးသမီးရဲဘော်ကို ဘေးကင်းတဲ့နေရာပြောင်းရွှေ့ထားပြီး အဖော်အဖြစ်အမျိုးသမီးတစ်ဦးနဲ့အတူ နေထိုင်စေကာ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ကူညီမှုတွေကိုလည်း ပေးနေတယ်လို့ CJ Platform သိရှိထားပါတယ်။
နစ်နာသူအမျိုးသမီးဟာ လက်ရှိဖြစ်စဉ်အတွက် ကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုမျိုးညီညီနဲ့ ကိုမျိုးမောင်မောင်တို့ကို ဗကသအဖွဲ့ချုပ်က ထုတ်ပယ်မှုအပြင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်စေချင်တယ်လို့ သူ့ကို ကူညီစောင့်ရှောက်နေသူတွေကနေတဆင့် သိရပါတယ်။
ပုံစာ – Google မှ ပုံရိပ်တစ်ခုကို ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။