PDF နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီလက်အောက်ခံတပ်သား ငါးဦးသေဆုံးဟုဆို
စစ်ကိုင်းတိုင်း ၊ ရွှေဘို-အရာတော်လမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်နေသာ PDF ရဲဘော်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို မေလ ၁ ရက်နေ့က ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးမှုများရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။
ရွှေဘိုမြို့နယ်၊ သီးလုံး ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား အထိုင်ကင်းစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပန်းရံ၊ ဇီးကုန်း၊ ဇီးဖြူကုန်းစသော ပျူကျေးရွာများမှ ပြည်သူ့စစ်များ တပ်ကူရောက်လာ၍ အင်အားခြင်းမမျှဖြစ်ကာ စခန်းမသိမ်းနိုင်ဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“စစ်ဆေးရေးလုပ်နေတဲ့ PDF တွေကို စကစအဖွဲ့က လျှပ်တပြတ်လာပစ်တော့ ရဲဘော်နှစ်ယောက်ကျဆုံးသွားခဲ့တယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ မဟုတ်ဘူး။ မဟာမိတ်ညီအစ်ကိုတွေပါ။ ကျဆုံးသွားတဲ့ အဲဒီရဲဘော်နှစ်ဦးအတွက် သွေးကြွေးတောင်းတဲ့အနေနဲ့ အခုလိုတုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်” ဟု Shwebo Crocodile တပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရခဲ့သည့် စစ်ကောင်စီလက်အောက်ခံတပ်သား ခုနစ်ဦးသည် ပန်းရံဆေးခန်းတွင် ကုသနေစဥ် ငါးဦးသေဆုံးကာ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် သင်္ဂြိုဟ်အမိန့်ပြန်ခဲ့ကြောင်း သိရသည်။
ထိုစစ်ဆင်ရေးကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တိုက်နယ် (၂) ဗိုလ်သူရိန် ပကဖ၊ ဒေါင်းစစ်သည်အဖွဲ့၊ SBFA- Shwebo Federal Army၊ EYE Force EYE ၊ HG FIGHTRS(LPDF)၊ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့၊ မဟူရာရွှေဘိုသားအဖွဲ့၊ ရွှေဘိုအားမာန်၊ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစု စသည့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီခန့်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့သည် ရွှေဘို-အရာတော်-မုံရွာလမ်းပိုင်းရှိ မင်းကုန်းကျေးရွာအနီးတံတားတွင် စစ်ဆေးရေးလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးကျော်လိုက်ပါလာသည့် ကားတစ်စီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် PDF ရဲဘော် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့၀င်များထံမှ သိရသည်။
စစ်ကောင်စီအဖွဲ့ဘက်က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် PDF ရဲဘော်နှစ်ဦးသည် အသက် ၂၅ နှစ် မှ ၃၀ နှစ် ဝန်းကျင်အရွယ်များဖြစ်ကာ နေရာမှာတင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီအဖွဲ့များထွက် သွားပြီးနောက်ပိုင်းတွင် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို ပြန်လည်ကောက်ယူနိုင်ခဲ့ပြီး ဧပြီ ၂၇ ရက် ညနေပိုင်းတွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးထံမှ သိရသည်။