PDF ထောင်ချီရောက်နေသည်ဟုဆိုကာ တွံတေးမြို့အနှံ့ စစ်ကောင်စီ ပိုက်စိပ်တိုက်ရှာဖွေ

Author ကိုထက်
Categories
Published on Mar 08, 2024

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်း PDF ထောင်ချီရောက်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက မြို့အနှံ့ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေကြောင်း ယင်းဒေသခံများက ဆိုသည်။

 

၎င်းတို့သည် တွံတေးမြို့ပေါ်သာမက ကျေးရွာများတွင်လည်း ဝင်ရောက်ရှာဖွေနေပြီး ခြိမ်းခြောက်ငွေတောင်းယူမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

 

“ဟိုတလောက ဆီ‌သင်္ဘောပေါက်ကွဲပြီးတည်းက ဒီဘက်(တွံတေး)မှာ PDF တွေ ထောင်ချီရောက်နေတယ်လို့ ဘယ်ကသတင်းရမှန်းမသိပါဘူး။ စစ်သားတွေရော၊ ရဲရော၊ ပျူတွေရော ရှာဖွေတာတွေလုပ်နေတာ။ မြို့ပေါ်မှာရော၊ ‌ရွာဘက်တွေရော၊ တောကြီးတန်းဘက်ကို အင်အားအတော်များများနဲ့ ရှာတာတွေလုပ်တယ်” ဟု တွံတေးမြို့ခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ညစဉ်ညတိုင်းလည်း ဧည့်စာရင်းစစ်ဆေးပြီး ၎င်းတို့မသင်္ကာသူများကို ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေကြ‌ကြောင်း သိရသည်။

 

“ကျွန်တော်တို့ဘက်တွေကို ပိုပြီးရှာတယ်။ ညတိုင်းလည်း ဧည့်စာရင်းစစ်တယ်။ သူတို့မသင်္ကာတဲ့သူဆို ဖမ်းတယ်။ ပြီးရင် ရဲစခန်းမှာချုပ်ထားတယ်။ ငွေတောင်းပြီး ပြန်လွှတ်တယ်။ အဲဒီလိုမျိုးတွေ လုပ်နေတာကြာပါပြီ” ဟု တောကြီးတန်းဘက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ အစရှိသည့်မြို့နယ်များတွင် အပြင်သွားလာသူများအနေဖြင့် မှတ်ပုံတင်စစ်ဆေးခံရလေ့ရှိပြီး ပြည်သူ့စစ်အဖွဲ့အတွင်းဝင်ရန်လည်း ကျေးရွာများရှိ လူငယ်များကို ခေါ်ယူခိုင်းခြင်းများလည်း ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်း ရန်ကုန်မြစ်ထဲရပ်ထားသည့် စစ်ကောင်စီ၏ ဆီတင်သင်္ဘောကို ရန်ကုန်တိုင်း ပကဖက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်အပြီး၊ မြို့နယ်များတွင် ဧည့်စာရင်းများစစ်ဆေးခြင်းများ တင်းကျပ်စွာလုပ်ဆောင်လာခြင်းဖြစ်သည်။