PDF တွေက ရွာသားတစ်ဦးရဲ့ မိန်းမကို အဓမ္မကျင့်ပြီး အဲဒီရွာသားကိုပါ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 04, 2023

Myanmar Hard Talk ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ အုတ်ဖိုမှာ PDF တွေက ရွာသားတစ်ဦးရဲ့ မိန်းမကို အဓမ္မပြုကျင့်ကာ အဲဒီရွာသားကိုပါ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လုပ်ကြံသတင်းတစ်ပုဒ်ကို ဖြန့်လာခဲ့ပါတယ်။

 

အဲဒီပို့စ်ကို ဒီနေ့ ဒီဇင်ဘာ (၄) ရက်နေ့ (၃) နာရီ (၅၈) မိနစ်မှာ စဖြန့်လာတာဖြစ်ပြီး ပျံ့နှံ့မှုက ည (၉) နာရီ ဝန်းကျင်မှာ like & react ၁၀၀ ကျော် ၊ View   သုံးသောင်းကျော် နဲ့ မှတ်ချက်ပေးမှု ၇ ခု ရှိတာ တွေ့ရပါတယ်။ အဲဒီပို့စ်ကို အခြား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ်တွေမှာပါ ထပ်မံမျှဝေတာတွေ ဖြန့်ဝေတာတွေလည်း တွေ့ရပါတယ်။

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  လုပ်ကြံသတင်း အမျိုးအစားကတော့ ဖြစ်စဥ်တစ်ခုကို ဘောင်ခတ်ပုံသွင်းပြီး သတင်းအချက်လက်တွေကို လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစား ဖြစ်နေတာတွေ့ရပါတယ်။

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို အသုံးပြုထားပြီး လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

တကယ့် သတင်းမှန်ကိုတော့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဆီကနေ စုံစမ်းအတည်ပြုနိုင်ခဲ့တဲ့အပြင် လွတ်လပ်တဲ့ သတင်းဌာနတွေဖြစ်တဲ့ CJ Platform ၊ မြေလတ်အသံတို့ရဲ့ ဖော်ပြချက်တွေအရ အုတ်ဖိုမြို့နယ် ဘုန်းကြီးကျောင်းမှာ တည်းခိုနေတဲ့ စစ်ကောင်စီတပ်သားကို လက်နက်နဲ့အတူ လက်ရဖမ်းဆီးရမိပြီး ထိန်းသိမ်းထားချိန်မှာ ထွက်ပြေးခဲ့တာကြောင့် ဖမ်းဆီးပစ်ခတ်ရာမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီစစ်သားဟာ ဒီဇင်ဘာ ၂ ရက်နေ့ ၊ည ( ၉ ) နာရီဝန်းကျင်မှာ လယ်ကြမ်းတောက ပြည်သူတွေကို ပေါ်တာဆွဲချိန် ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့တဲ့ မသန်စွမ်း အမျိုးသမီး တစ်ဦးကို လမ်းပြဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လမ်းခရီးမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေစဥ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

 

ဖတ်ရှုရန်သတင်းအပြည့်အစုံ –

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ >>>  https://bitly.ws/34pNv

မြေလတ်အသံ >>>  https://bitly.ws/34pNX

CJ Platform >>> https://bitly.ws/34pQ8

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။