PDF တပ်ဖွဲ့ဝင်များ၏ သတင်းကို စုံစမ်းရာမှာ တော်သည်ဟု ချီးမွမ်းခံရသည့် ကိုနှင်းမောင် အပစ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 21, 2022

တောင်သာမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ သတင်းလိုက်လံ စုံစမ်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နေ့လည်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီကသိရသည်။

သာယာမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စက်တင်ဘာ ၁၉ရက်နေ့က ပစ်ခတ်ခံရပြီးနောက် လှည်းကူးမ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ PDFများ သတင်းစုံစမ်းရင်း ထပ်မံ ပစ်ခတ်ခံရတာဖြစ်သည်ဟု ပြောသည်။

“သူ့ကို ရဲတွေရော စစ်တပ်ရောက နှင်းမောင် လို့ပဲခေါ်ကြတာ သူကစုံစမ်းတာတွေ တော်တယ်ပေါ့ ဒီနေ့ နေ့လယ်ပိုင်းက PDF သတင်းကိုစုံစမ်းပြီး အပြန် ပစ်သတ်ခံရတာ”ဟုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူမှာ လှည်းကူးမကျေးရွာအုပ်ချုပ်ရေးမှူး ကိုနှင်းမောင်(ခ)ထွန်းအောင်ကျော်ဆိုသူ ဖြစ်သည်ဟု ရပိမိရပ်ဖတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် တောင်သာမြို့နယ် လှည်းကူးမကျေးရွာတွင် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

တောင်သာမြို့နယ် သာယာမြိုင်ကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး အပစ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။