PDF စစ်ရုံးချုပ် တွင် CDM တပ်မတော်သားများ သက်ဆိုင်ရာဌာနအလိုက် တာ၀န်ထမ်းဆောင်နေကြောင်း ကာကွယ်ရေး၀န်ကြီးပြောကြား

Author လင်းခိုင်
Categories
Published on Dec 07, 2022

 

PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်ပြီး CDM တပ်မတော်သားများ သက်ဆိုင်ရာဌာနအလိုက် တာ၀န်ထမ်းဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က ယနေ့တွင် PDF ရဲဘော်များသို့ Radio NUG မှ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို အောက်တိုဘာ ၁၀ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဌာနကြီး ၅ခုပါ၀င်ကြောင်း၊ အဆိုပါ ဌာနကြီး ၅ ခုသည်၊ စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

“ ဌာနအလိုက် ဌာနခွဲများ ပူးပေါင်းပါ၀င်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာ၀န်ပေးဆောင်ရွက်တဲ့ အထူးရုံးများလည်းပါ၀င်မှာဖြစ်တယ်။ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သား အရာရှိ၊ ရဲဘော်တွေဟာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲတွေမှာ တာ၀န်ထမ်းဆောင်နေကြပြီဖြစ်တယ်” ဟု ပြည်ထောင်စု၀န်ကြီးကပြောကြားသည်။

PDF တပ်မတော်သည် စစ်ရုံးချုပ်တွင် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း ခွဲကာ စစ်တိုင်း ၃ ခုဖြင့် မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီဖြစ်ကြောင်း၊ တပ်မတော်တစ်ရပ်၏ ဦးရေးထောက်လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနှင့် မြေပြင်တပ်ရင်းတပ်ဖွဲ့များအကြား ပုံမှန် ဆက်သွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယင်းကဆိုသည်။

“တဖက်မှာ ကာကွယ်ရေး၀န်ကြီးဌာနနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ဒေသ ၃ ခုရှိတယ်။ စစ်ဒေသမှူးများအဖြစ် မဟာမိတ် ERO တွေ့ရဲ စစ်ဖက် ထိပ်တန်းခေါင်းဆောင်များ တာ၀န်ယူထားတယ်ဆိုတာလည်း ရဲဘော်တို့ သိပြီးဖြစ်တယ်။ စစ်ရေးဆောင်ရွက်တဲ့အခါမှာတော့ စစ်ဒေသမှူးများဦးဆောင်တဲ့ စစ်ဒေသကွပ်ကဲရေး တာ၀န်ရှိသူအဆင့်ဆင့်ရဲ့ ဦးဆောင်ကွက်ကဲမှုကို ခံယူကြရမှာဖြစ်တယ်” ဟု ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် PDF စစ်ရုံးချုပ်ထူထောင်နိုင်ပြီဖြစ်သောကြောင့် တပ်မတော်၏ Chain of Command တည်ဆောက်မှုသည် စနစ်တကျရှိလာပြီဖြစ်ကြောင်း၊ ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်တပ်သည် Chain of Command အသားနေသည့် စစ်တပ်တစ်ခုဖြစ်သည်ကို သတိမမေ့ရန်လိုပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်ရန် Chain of Command ကောင်းသည့် ပြည်သူ့စစ်တပ်ကို တည်ဆောက်ရမည်ဟု ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ကပြောကြားသည်။

PDF တပ်မတော်သည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြူတေဖြစ်ပြီး စစ်ဘက်ဆိ်ုင်ရ ကျင့်၀တ်နှင့် စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာ ခြင်းသည် PDF တပ်မတော်၏ ဂုဏ်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက ဆက်လက်ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးရည်မွန် #NUG #PDF #CDM