ကျေးရွာ ပလဖ ခေါင်းဆောင်ရဲ့ မုဒိမ်းမှုဖြစ်စဉ်ကို မြို့နယ် ပလဖ က မဖြေရှင်းဘဲ နစ်နာသူအမျိုးသမီးကို ဖမ်းဆီးထား

- မြောက်ချွန်း ပလဖ ခေါင်းဆောင်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ဟုဆို
- ဆန္ဒပြတောင်းဆိုခံရပြီးနောက် ငွေပေးကြေအေးပေးရေး ပလဖခေါင်းဆောင်ညှိနှိုင်း
- ဥပဒေအရ ဖြေရှင်းပေးရေး ဆက်လက်တောင်းဆိုရာ မြို့နယ် ပလဖ က နစ်နာသူကိုဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာမှာ အခု စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ကျေးရွာလုံခြုံရေး (ပလဖ) တပ်ဖွဲ့ဝင်တစ်ဦးက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အမှုအတွက် ဖြေရှင်းအရေးယူတာမရှိသလို နစ်နာသူအမျိုးသမီးပါ ထိန်းသိမ်းခံနေရတဲ့အပြင် မိသားစုတွေနဲ့ပါ တွေ့ဆုံခွင့်မရဘူးလို့ ဒေသခံတွေနဲ့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူတို့ ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နစ်နာသူအမျိုးသမီး မဖြူ (အမည်လွှဲ) နဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ) တို့ စကားများရန်ဖြစ်ရာ မြောက်ချွန်းကျေးရွာ ပလဖက ကိုနီ(အမည်လွှဲ)ကို ဖမ်းဆီးသွားပြီး ထိပ်တုံးခပ်ကာ ထိမ်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မြောက်ချွန်းကျေးရွာ ပလဖခေါင်းဆောင် ဦးအိုက်နိုင်း (ခ) ကိုသိန်းတန်က သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိုနီ(အမည်လွှဲ)နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟုဆိုကာ မဖြူ(အမည်လွှဲ)ကို လာရောက်ခေါ်ဆောင်ပြီး ပလဖရုံးကို ခေါ်ဆောင်မသွားဘဲ တောတွင်းတစ်နေရာမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
“နှစ်ကြိမ်ပါ စက်တင်ဘာ ၁၈ရက်နေ့နဲ့ ၂၁ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်တာပါ၊ ယောင်္ကျားနဲ့ တွေ့ဆုံပေးမယ်ဆိုပြီး လိမ်ခေါ်တာ၊ သူ့မှာ သေနတ်ပါတာကြောင့် မ– (မဖြူ အမည်လွှဲ)က မပြောရဲတာ”လို့ နစ်နာသူအမျိုးသမီးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြောက်ချွန်း ပလဖအဖွဲ့ခေါင်းဆောင်ရဲ့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမှုအပေါ် နစ်နာသူ မိသားစုက ကျေးရွာ ပလဖအဖွဲ့ကို တိုင်ကြားခဲ့ကြောင်း၊ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျေးရွာအတွင်း အမှုမှန်ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီးနောက် ကျေးရွာ ပလဖ၊ ပအဖ၊ ပကဖ အဖွဲ့က ဦးအိုက်နိုင်းကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ အဲဒီနောက် ရွာသစ်ကုန်းတိုက်နယ် ပလဖရုံးမှာပါ ခေါ်ယူစစ်ဆေးရာမှာ ဦးအိုက်နိုင်းက သူကျူးလွန်ခဲ့မှုကို ဝန်ခံခဲ့ကြောင်း၊ အမှုဖြစ်စဉ်ကို ပိုက်ဆံပေးကာ ကျေအေးစေရေး ဦးအိုက်နိုင်းက ညှိနှိုင်းရာ နစ်နာသူမိသားစုက ဥပဒေအရသာ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
“၁၀ သိန်းနဲ့ လျော်ကြေးဖြတ်တာလေ၊ သူတို့အဖွဲ့ထဲကမို့ ဘာမှလုပ်လို့မရဘူးလို့ ပြောတယ်၊ အောက်ဘက်လွှဲလည်း လုပ်မပေးဘူး၊ လျော်ကြေးလည်းရမှာ မဟုတ်ဘူးလို့ ပြောတယ်။ ၁၀ သိန်းနဲ့ မရရင် သိန်း ၂၀ ပေးမယ်လို့ ပြောတာ” လို့ ရွာသစ်ကုန်း တိုက်နယ် ပကဖ ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
နစ်နာသူရဲ့ မိသားစုဝင်တွေက တိုက်နယ်တာဝန်ရှိသူတွေရဲ့ ငွေကြေးရယူကာ ကျေအေးစေရေး ဆုံးဖြတ်ချက်ကို လက်မခံတာကြောင့် မင်းကင်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံကာ ဥပဒေအရ အရေးယူပေးရေး တောင်းဆိုချိန် မင်းကင်းမြို့နယ် ပလဖက နစ်နာသူ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ နစ်နာအမျိုးသမီးရဲ့ ခင်ပွန်း ကိုနီ (အမည်လွှဲ)က ပြောပါတယ်။
“သွားတွေ့ဖို့ရာ နောက်တစ်ကြိမ်သွားခဲ့ပါသည်။ သွားခဲ့သော်လည်း အတွေ့မခံပါ။ နောက်တစ်ကြိမ်တောင်မှ ပြန်မလာဖို့ ပြောခဲ့ပါသည်။ အဲဒီပြောခဲ့ခြင်းကြောင့် မ— (မဖြူ အမည်လွှဲ)သည် တရားခံမဟုတ်ပါဘူး၊ တရားလိုပါဗျာ၊ တရားလိုဖြစ်သည့်အတွက် ဖမ်းထားခြင်း၊ ချုပ်နှောင်ထားခြင်းမလိုအပ်ပါ” လို့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ)က CJ Platform ကို ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့မှာ မင်းကင်းမြို့နယ် ပလဖ တာဝန်ရှိသူ ရဲမှူးဦးနိုင်ဝင်းက နစ်နာသူ မဖြူ(အမည်လွှဲ) လာရောက်တိုင်ကြားတဲ့ ဖြစ်စဉ်ဟာ အဓမ္မပြုကျင့်မှု မဟုတ်ဘဲ အိမ်ထောင်ရေး ဖောက်ပြန်သည့် ဖြစ်စဉ်ဟု စွပ်စွဲကာ နစ်နာမှုအတွက် လာရောက်ဖြေရှင်းဆောင်ရွက်သူ မဖြူ(အမည်လွှဲ)ကို ပျဉ်းကိုင်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီကနေ့အချိန်ထိ ပြန်မလွှတ်သေးဘူးလို့ နစ်နာသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ကိုနီ (အမည်လွှဲ)က ဆက်ပြောပါတယ်။
“၁၁ ရက်နေ့က သွားကြတာ ဘာမှမစစ်တော့ဘူးတဲ့၊ မုဒိမ်းမှုမဟုတ်ဘူး၊ အိမ်ထောင်ရေးဖောက်ပြားမှုဆိုပြီး ဖမ်းတာ၊ ခုက တရားလိုကို ဖမ်းပြီး တရားခံကြ လွှတ်ထားတာ၊ တရားခံကို မေးတော့ ပြောပြလို့မရဘူးဆိုပြီး သူတို့ခေါင်းဆောင်က ပြောတာ” လို့ နစ်နာသူအမျိုးသမီးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CJ Platform က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ မြို့နယ် အဖွဲ့အစည်းတွေကို အောက်တိုဘာ ၁၅ရက်နေ့က ဆက်သွယ်မေးမြန်းထားပေမယ့် အခု သတင်းဖော်ပြချိန်ထိတော့ ပြန်လည် ဖြေကြားလာတာ မရှိသေးပါဘူး။
၂၀၂၁ခုနှစ် အာဏာသိမ်းဖြစ်စဉ်ကနေ ၂၀၂၅ မေလအထိ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ မှု ရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံများ စုဝေးဆန္ဒပြနေကြပုံ