ကန့်သတ်ပစ္စည်းအချို့ကလွဲပြီး တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ ပြန်ဝင်လာနေပြီလို့ ဦးညီရန်း ပြော

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသထဲမှာ ရှိတဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းအများအပြား ပြန်လည်ဝင်ရောက်လာနေပြီလို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက CJ Platform ကို အတည်ပြုပြောပါတယ်။
တရုတ်နဲ့ UWSA နယ်စပ်တစ်လျှောက်မှာ နယ်စပ်ဂိတ် ၄ ခုရှိနေပြီး တရုတ်အစိုးရက နမ့်တစ်၊ ပန်ဝိုင်၊ ပန်ဆန်းနဲ့ ဟိုတောင်ဂိတ်တွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဩဂုတ်လကတည်းက တစ်နှစ်နီးပါးကြာ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဂိတ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခု အောက်တိုဘာလအတွင်းမှာ ပြန်လည်ဖြေလျှော့ဖွင့်လှစ်ပေးခဲ့တာဖြစ်ပေမယ့် ကန့်သတ်မှုတချို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။
“အတော်များများတော့ ပြန်ခွင့်ပြုပါပြီ။ ကန့်သတ်မှုတချို့ ရှိသေးတာပေါ့” လို့ ဦးညီရန်းက CJ Platform ကို ပြောပါတယ်။
“ဝ” ပြည်နယ်ထဲ ကုန်ပစ္စည်းအတော်များများ တင်သွင်းခွင့်ကို တရုတ်ဘက်က ခွင့်ပြုပေးခဲ့ပြီး ကန့်သတ်မှုအချို့ရှိသေးတယ်လို့ ဦးညီရန်းက ပြောပေမဲ့ ကန့်သတ်ကုန်ပစ္စည်းအမျိုးအစားတွေကိုတော့ သီးခြားပြောဆိုထားတာ မရှိပါဘူး။ “ဝ” ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ “ဝ” လူငယ်အသံရဲ့ ဖော်ပြချက်အရ စစ်ဘက်ဆိုင်ရာလက်နက်အသုံးအဆောင်တွေကလွဲပြီး ကျန်တဲ့ကုန်ပစ္စည်းတွေကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) တွေကို စစ်ဘက်ဆိုင်ရာလက်နက်ခဲယမ်းတွေ၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ အခြားအကူအညီတွေကို မပေးတော့ဘူးလို့ UWSA က တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း တရုတ်ဘက်က အခုလို နယ်စပ်ဂိတ်တွေကို ပြန်လည်ဖြေလျှော့ဖွင့်လှစ်လာတာပါ။
WSTV ရဲ့ ဩဂုတ် ၂၀ ရက် ထုတ်ပြန်ချက်အရ EROs တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ UWSA ခေါင်းဆောင်တို့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ချိန် တရုတ်ရဲ့ ဖိအားကြောင့် စစ်ရေးနဲ့ တခြားအကူအညီတွေ မပေးတော့ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် ၁၂ ခုကို ကန့်သတ်တာ၊ ပိတ်ဆို့ထားတာတွေ ရှိခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်စပ်တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်အစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးအရ အတင်းအကြပ် ဖိအားပေးမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရဘက်က နယ်စပ်ဂိတ်တွေကို ပြန်လည်ဖြေလျှော့ဖွင့်လှစ်ပေးမှုနဲ့အတူ တရုတ်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူအချို့လည်း “ဝ” ပြည်နယ်ထဲကို ပြန်လည်ဝင်ရောက်မှုတွေ ရှိလာတယ်လို့ ဦးညီရန်းက CJ Platform ကို ပြောပါတယ်။
ဓာတ်ပုံ – WNL News