မြွေပွေးပေါတဲ့ အညာဒေသမှာ မြွေဆိပ်ဖြေဆေး မလုံလောက်လို့ လူသေဆုံးမှုတွေ ရှိနေ

Author CJ Platform
Categories
Published on Sep 26, 2025

မြန်မာနိုင်ငံရဲ့ အညာဒေသဟာ မြွေပွေးပေါတဲ့ အရပ်ဒေသဖြစ်ပါတယ်။ အခုအခါမှာ စစ်ကော်မရှင်က မြွေဆိပ်ဖြေဆေးအပါအဝင် ဆေးဝါးသယ်ယူခွင့်ကို ပိတ်ဆို့ထားတဲ့အတွက်၊ အရင်က အသက်ကယ်နိုင်ခဲ့တဲ့ မြွေကိုက်လူနာတွေဟာ အခုတော့ အကူအညီမဲ့စွာ သေဆုံးနေကြရပါတယ်။

“ပိုးထိလူနာကတော့ ကျွန်တော်တို့ အညာဘက်မှာ တောင်ယာလုပ်တဲ့အချိန်နဲ့ စစ်ရှောင်နေတဲ့အချိန်တွေ ထပ်တူကျနေရင် ပိုများပါတယ်” လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ နယ်မြေရှင်းလင်းစစ်ကြောင်းတွေကြောင့် တောတောင်တွေနဲ့ လယ်တောတွေထဲမှာ ယာယီတဲထိုး နေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ မြွေပွေးနဲ့ မြွေဟောက်လို အဆိပ်ပြင်းမြွေတွေရဲ့ အန္တရာယ်နဲ့ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရပါတယ်။

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကတည်းက စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းကို “စစ်ဆင်ရေးနယ်မြေ” အဖြစ် သတ်မှတ်ပြီး ဆေးဝါးသယ်ယူခွင့်၊ ရောင်းချခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခဲ့ပါတယ်။ အခုအခါမှာဆိုရင် စစ်ကိုင်းတံတားလို အဓိကဝင်ပေါက်တွေကနေ ဘယ်ဆေးဝါးမှ ဖြတ်သန်းခွင့်မရတော့ဘဲ၊ သယ်ယူသူတွေကိုပါ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးထောင်ချနေပါတယ်။

တော်လှန်ရေးနယ်မြေထဲက ဆေးခန်းငယ်လေးတွေဟာ အိန္ဒိယနယ်စပ်ကနေ မှောင်ခိုဝင်လာတဲ့ ဆေးတွေကိုပဲ အဓိကအားထားနေရပါတယ်။ မြွေဆိပ်ဖြေဆေးတစ်လုံးကို ကျပ်တစ်သိန်းခြောက်သောင်းကျော် ပေးဝယ်ရပြီး၊ လူနာတစ်ယောက်အတွက် အနည်းဆုံး ၅ လုံးကနေ အလုံး ၃၀ ကျော်အထိ လိုအပ်တတ်ပါတယ်။ ဒါ့အပြင် ဆေးမှာယူပြီး ရောက်ရှိလာဖို့ကလည်း တစ်လကျော်အထိ ကြာမြင့်တတ်တာကြောင့် ဆေးပြတ်လပ်မှုတွေဟာ ထုံးစံလိုဖြစ်နေပါတယ်။

 

“အရမ်းအန္တရာယ်များတယ် အခုချိန်က ဆေးဝါးသယ်ယူတာက လက်နက်သယ်ယူတာနဲ့ ဥပဒေနဲ့ အတူတူလိုကို ဖြစ်နေတာ၊ ဆေးဝါးတွေနဲ့ မိရင် မလွတ်တော့ဘူး၊ စစ်ကိုင်းတံတားမှာ ဖမ်းခံရတာများတယ်ဗျ၊ သူတို့ကတော့ ၅၀၅ ပုဒ်မတပ်တယ်၊ တားမြစ်ဆေးဝါးနဲ့ ကန့်သတ်ပစ္စည်း သယ်ယူမှု၊ PDF ထောက်ပံ့မှု မျိုးစုံကို လုပ်ချင်သလိုလုပ်ကြတယ်၊ မှောင်ခိုလမ်းတွေကနေပဲ အဆင်ပြေသလို လုပ်ရတာ” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

S&C အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဒီပဲယင်းနဲ့ ရွှေဘိုမြို့တွေမှာ တစ်လကို မြွေကိုက်ခံရသူ ပျမ်းမျှ အယောက် ၂၀ ကျော် ရှိနေပြီး၊ လူ ၅၀ မှာ ၁ ယောက်နှုန်း သေဆုံးနေပါတယ်။ ဒေသတွင်းသတင်းတွေရဲ့ စာရင်းအရ ၂၀၂၄ ဇန်နဝါရီကနေ ၂၀၂၅ ဇွန်လအထိ တစ်နှစ်ခွဲကာလအတွင်း မြွေကိုက်ခံရသူ ၉၇ ဦးအထိ ရှိခဲ့ပါတယ်။

 

လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲကို စစ်အုပ်စုက ကုန်စည်သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာ အမျိုးသမီးတွေ မဖြစ်မနေလိုအပ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းနဲ့ ကလေးဒိုင်ဘာ Diaper တွေအပါအဝင် ကုန်ပစ္စည်း ၈ မျိုးကိုလည်း ထပ်မံပိတ်ပင်ထားပါတယ်။

 

ဓာတ်ပုံ-S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့