OTကြေးပေးဖို့တောင်းဆိုသည့် ဖူဂျီဆပ်ပြာစက်ရုံရှိ အလုပ်သမားများ အလုပ်ထုတ်ခံရ

Author ခေတ်နီ
Categories
Published on Oct 01, 2022

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန်အတွင်းရှိ ဖူဂျီဆပ်ပြာစက်ရုံ အလုပ်သမားများကိုစနေနေ့တွင်အလုပ်ဆင်းခိုင်းပြီး နှစ်ကာလများစွာ စနေ အချိန်ပိုကြေးမပေးခဲ့တာကြောင့် အချိန်ပိုကြေးပေးရန် တောင်းဆိုသည့် အလုပ်သားများကို အလုပ်ထုတ်ခဲ့တယ်ဟု အဆိုပါစက်ရုံ၏ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ရွှေပြည်သာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းသွယ် ၁ ရှိဖူဂျီဆပ်ပြာထုတ်လုပ်သည့် Shwe Thazin ကုမ္မဏီသည် စက်ရုံရှိ အလုပ်သမားများကို ခွဲခြားဆက်ဆံကာ စနေနေ့တိုင်း အိုတီကြေး မပေးဘဲ အလုပ်လုပ်ခိုင်းနေသည်မှာ နှစ်ချီရှိနေပြီး၊ ကျွမ်းကျင်ကြေးကိုလဲ ကုန်ချောထုတ်လုပ်သည့်ဘက်မှ အလုပ်သမားများနှင့် တန်းတူမရရှိမှုများရှိကာ လုပ်သက်ကြေး ခံစားခွင့်မရရှိမှုများကြောင့် အဆိုပါစက်ရုံရှိ လုပ်သားများက အလုပ်ရှင်နှင့် စက်ရုံမှူးထံ ယခုလ ၂၁ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုတင်ပြခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ရက်နေ့တွင် ထိုဆန္ဒပြအလုပ်သမား ၄၃ဦး ကို အလုပ်ထုတ်ခဲ့တာပဲဖြစ်သည်။

“သူတို့က ၂၉ရက်နေ့ မနက်ပိုင်းမှာ စက်ရုံက နှင်ထုတ်ခံရတယ်ပေါ့ အဲ့တော့ သူတို့ကို အလုပ်ထုတ်မယ်ဆိုရင်လဲ နစ်နာကြေးအပြည့်အဝပေးပြီး ထုတ်ဖို့ လုပ်ပေးခဲ့တယ် ဒါပေမယ့် သူတို့ရဲ့တောင်းဆိုချက်တွေဖြစ်တဲ့ နစ်နာခဲ့တဲ့လတွေက အချိန်ပိုကြေးတွေကို ပေးဖို့တော့ မရခဲ့ဘူး”ဟု အဆိုပါ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ခဲ့သည့် ဗမာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM ကတာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောသည်။

ယင်းအလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် တောင်းဆိုဆန္ဒပြနေစဥ်အတွင်းမှာလည်းအလုပ်ရှင်ဘက်မှ အလုပ်သမားများကို စက်ရုံအတွင်းတွင် လူမိုက်များမွေးထားပြီး သွားလာရင်းရိုက်နှက်ခံရသကဲ့သို့ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်မှုများနှင့် ညှိနှိုင်းမှုကို လက်မခံပါက လျော်ကြေးပေးပြီး အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။