ထိုင်းနိုင်ငံသား ၁၅ ဦး၊ ဩစတြေးလျနိုင်ငံသား တစ်ဦး မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုကို စစ်အုပ်စုရဲ့ ဟိုတယ်/ခရီးက ဂုဏ်ယူစွာ ဖော်ပြ

ထိုင်းနိုင်ငံသား ၁၅ဦးနဲ့ ဩစတြေးလျနိုင်ငံသား တစ်ဦး ပါဝင်တဲ့ ကမ္ဘာလှည့်ခရီးသွားအဖွဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုကို စစ်အုပ်စုရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကျယ်တဝင့်နဲ့ ဂုဏ်ယူစွာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဘန်ကောက်-ရန်ကုန်-ပဲခူး-ကျိုက်ထီးရိုး-ပဲခူး-ရန်ကုန်-သန်လျင်-ကျောက်တန်း-သန်လျင်-ရန်ကုန်-ဘန်ကောက် ခရီးစဉ်အဖြစ် ခရီးသွား ၁၆ဦးပါဝင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဩဂုတ်လ ၁၀ရက်နေ့မှာ လာရောက်ပြီးတော့ ၂ ရက်တာ လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်။
“အာဏာမသိမ်းခင်က အပျော်တမ်းအေးဂျင့်တွေစီစဉ်တာတောင် အခုထက်များတယ်၊ ဘယ်သူမှ မလာရဲလို့ မရှိရှိတာလေး သတင်းထုတ်နေတာ၊ ကိုယ့်ဆီကနေ နိုင်ငံခြားထွက်ဖို့ကို စောင့်နေသူတွေမှ အများကြီး သူတို့ ပိတ်ထားလို့သာ ဖွင့်ပေးကြည့်လိုက် လေဆိပ်မှာ လေယာဉ်က အတက်ပဲရှိနေပြီး အဆင်းတောင် ရှိမှာ မဟုတ်ဘူး”လို့ စစ်အုပ်စု အာဏာမသိမ်းခင်က ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ဆောင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်မှာ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ၈၀ ရာခိုင်နှုန်းကျော်ထိ ကျဆင်းသွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်လေ့ရှိတဲ့ ခရီးသွားတွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံသားတွေသာ များပြားပြီး၊ လာရောက်လည်ပတ်သူ အများစုဟာလဲ စစ်အုပ်စုရဲ့ ဖိတ်ကြားမှုတွေကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက် လည်ပတ်ဖို့ မသင့်တဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဓာတ်ပုံ – pro-SAC