NUG, CRPH, PDF တို့၏ လှုပ်ရှားမှုသတင်းများ လျှို့ဝှက်ပေးပို့ခြင်းသည် ပြည်သူကို ကာကွယ်ပေးခြင်းဖြစ်ဟု စစ်ကောင်စီဝါဒဖြန့်

Author ကိုထားဝယ်
Categories
Published on Apr 22, 2024

ပြည်သူမထောက်ခံသော စစ်ကောင်စီဘက်က ၎င်းတို့ဘက်သို့ ပြည်သူအများပါဝင်လာရန် ကြိုးပမ်းသည့်အနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်သည်။

 

အဓိကတော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော NUG, CRPH, PDF တို့ကိုဆန့်ကျင်ရန် အချက် သုံးချက်ပါဝင်သည့်ထုတ်ပြန်ချက်ကို ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာများမှတစ်ဆင့် ယနေ့ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

 

ပထမဆုံးအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ကို ပြည်သူ့အတွက်ဟုသုံးနှုန်းပြီး ပြည်သူကို ဥပဒေမဲ့ သတ်ဖြတ်၊ လုယက်နေသည်ဟု အပုတ်ချသည်။

 

ဒုတိယအချက်တွင် ထိုအဖွဲ့အစည်းများကို အားပေးထောက်ခံမှုမပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

 

နောက်ဆုံးအချက်တွင် ထိုသုံးဖွဲ့၏ လက်နက်ခဲယမ်းသယ်ဆောင်ကိုင်တွယ်မှုနှင့် သတင်းများလျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက ဆိုသည်။

 

NUG, CRPH, PDF တို့၏ တော်လှန်ရေးလုပ်ဆောင်မှု မည်မျှအောင်မြင်မှုရှိကြောင်း သက်သေတစ်ခုဟု ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူအချို့က ရှုမြင်ကြသည်။

 

“စစ်ကောင်စီရဲ့အခြေအနေကတော့ တော်တော်ဆိုးနေပြီ။ သိပ်မကြာတော့ပါဘူး” ဟု ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

 

၎င်းက ထပ်မံ၍ မြဝတီမြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ “မြဝတီပြန်မပါသွားရင် အလှည့်အပြောင်းအကြီးကြီးပဲ” ဟု မှတ်ချက်ပေးသည်။

 

လတ်တလော စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စစ်မျက်နှာဖွင့်ထားရသည်။

 

ကချင်ပြည်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)/PDF ပူးပေါင်းအဖွဲ့များဖြင့်လည်းကောင်း၊ ကရင်နီ(ကယား)တွင် ကရင်နီကာကွယ်တပ်များဖြင့်လည်းကောင်း၊ ကရင်ပြည်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)/PDF ပူးပေါင်းအဖွဲ့များဖြင့်လည်းကောင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် ဒေသကာကွယ်တပ်များဖြင့်လည်းကောင်း၊ ချင်းပြည်တွင် ချင်းအမျိုးသားတပ်ဦး(CAN/CNF)နှင့် CDF တပ်များဖြင့်လည်းကောင်း၊ မွန်ပြည်တွင် မွန်ပြည်တော်လှန်ရေးတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်နှင့် PDF တို့ဖြင့်လည်းကောင်း၊ ရှမ်းပြည်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဖြင့်လည်းကောင်း၊ ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA ဖြင့်လည်းကောင်း၊ တနင်္သာရီတွင် ဒေသကာကွယ်ရေးတပ်များ၏ ထိုးစစ်ကို ရင်ဆိုင်နေရပြီး အဓိက တပ်ရင်းဌာနချုပ်များအပါအဝင် ဗျူဟာကုန်းကြီးများ၊ တပ်စခန်းများကို နေ့စဉ်ကဲ့သို့ လက်လွှတ်ဆုံးရှုံးနေရသည်။

Related News

Depend on news