NUG CRPH ထောက်ခံသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့်အရေးယူမယ်ဟု စစ်ကောင်စီခြိမ်းခြောက်

Author ခေတ်နီ
Categories
Published on Sep 20, 2022

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ပြည့်သူ့ကာကွယ်ရေးတပ် PDFများကို ထောက်ခံသည့်သူများ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေများဖြင့် အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့တွင် လုပ်ဆောင်သည့် အကြိမ် ၂၀မြောက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် Facebookပေါ်တွင် NUG ၊CRPH၊PDFတို့နှင့် ပတ်သတ်သည့် ပုံ၊စာနှင့် ဗီဒီယိုများကို Like နှင့် Share ပြုလုပ်သူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တယ်ဟုဆိုကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

“ဒီလူသုံးများတဲ့ Facebook မှာ NUG၊ CRPH၊ PDF တွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို Like တခု ပေးလိုက်တာပဲဖြစ်ဖြစ် Share လုပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ် အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ ၁၀ နှစ်အထိချမှတ်နိုင်ပါတယ် ငွေဒဏ်လဲချမှတ်နိုင်ပါတယ်”ဟု ဇော်မင်းထွန်းမှ ပြောသည်။

ယင်းအပြင့် ဝန်ထမ်းများကို CDM လုပ်ဆောင်ရန် လှုံ့ဆော်မှုသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ငြိစွန်းနေပြီး တော်လှန်ရေးအင်အားစုများကို ငွေကြေးထောက်ပံ့မှုများလဲ ပိုမိုကြီးလေးတဲ့အပြစ်ဖြစ်တာကြောင့် ပိုမိုကြီးလေးသောအပြစ်ဒဏ်ကို ခံရမှာဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံအာဏာသိမ်းယူပြီးနောက်ပိုင်း ၎င်းတို့ကိုဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများနှင့် ထိုတော်လှန်ရေးအင်အားစုများကို ထောက်ခံသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုနေခဲ့တာပဲဖြစ်သည်။

ထို့အပြင့် စစ်ကောင်စီသည် ဆိုရှယ်မီဒီယာပေါ်မှ ၎င်းတို့၏ဝါဒဖြန့်မှုများ ဖြုတ်ချခြင်း၊ ကန့်သတ်ခြင်းများ ပြုလုပ်ခံနေရတာကြောင့် ၎င်းတို့ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းများကိုတည်ဆောက်အသုံးပြုနိုင်ဖို့ ကြိုးပမ်းနေမှုများလဲရှိနေခဲ့သည်။

Related News

Depend on news