NUG အစိုးရကို အားမနာတမ်းဝေဖန် အကြံပြုရန် ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Jan 10, 2023

 

အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ကို အားမနာတမ်း ဝေဖန်ရန် ယာယီသမ္မတ ဒူဝါလရှီးလက မြေပြင် သပိတ်အင်အားစုများ အဖွဲ့ပေါင်း (၁၂) ဖွဲ့နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် သပိတ်အင်အားစုအားလုံး လက်ရှိ တော်လှန်ရေး လုပ်ငန်းစဉ်များတွင် အားသွန်ခွန်စိုက် ပါ၀င်လှုပ်ရှား နေသည့်အတွက် ဂုဏ်ယူကြောင်း၊ NUG အစိုးရသည် တော်လှန်ရေး၌ စစ်ရေး၊ နိုင်ငံရေး ကို ဦးဆောင်နေသော်လည်း တော်လှန်ရေးအင်အားစု အသီးသီး၊ သပိတ်အင်အားစု အသီးသီး၏ ယုံကြည်မှုကို မရပါက ရှေ့ဆက်မရကြောင်း ယာယီသမ္မတကပြောကြားသည်။

သပိတ်လှုပ်ရှားမှုပုံစံများသည် ပြည်တွင်း လူထုအတွက်သာမက နိုင်ငံတကာ လူထုအတွက်ပါ အံ့သြမင်သက်ရကြောင်း၊ နွေဦးတော်လှန်ရေးသည် အတွေးအခေါ်ဟောင်းများ၊ ဓလေ့ဟောင်းများ၊ အမှုအကျင့်ဟောင်းများကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့ပြီဟု ယုံကြည်ကြောင်း ယာယီသမ္မတကဆိုသည်။

“တစ်လက်စတည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာလည်းရှိတယ်။ အဲ့ဒါကတော့ NUG အစိုးရကို အားမနာတမ်းဝေဖန် အကြံပြုကြဖို့လည်း အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သောအခါမှ ငါတကော ကောပြီး လုပ်ဆောင်တာမျိုးမဖြစ်စေရပါဘူး။ လူထုဆန္ဒသဘောထားနဲ့အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ကြိုးစားကြပါတယ် ” ဟု ယာယီသမ္မတက ပြောကြားသည်။

လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုများ၏ သဘောထားအမြင်များကိုလည်း လေးစားစွာ နားထောင်နေကြောင်း၊ မှားတာရှိပါက ပြင်ဆင်ရန် နောက်မတွန့်ကြောင်း၊ ဝေဖန်အကြံချက်များကို တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် လည်းကောင်း အမြဲမပြတ်ကြိုးစားနေသည်ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားကြောင်း၊ တော်လှန်ရေးတွင် ပါ၀င်သလို တည်ဆောက်ရေးတွင်လည်း စွမ်းစွမ်းတမံ ပါ၀င်ကြရန် အထူးမျှော်လင့်ထားကြောင်း၊ အနာဂတ်မိုးဆက်ဟောင်းသည် လက်ရှိမျိုးဆက်သစ်များ၏ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ပြောင်းလဲအပ်နှံရမည်ဟု ယာယီသမ္မတက ပြောကြားသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် ယုံကြည်ချက်နှင့် ခံယူချက် ခိုင်ခိုင်မာမာထားပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးပါ၀င်သကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်တွင်လည်း ပညာကိုယ်ခံအား မြင့်မြင့်မားမား ပါ၀င်ထမ်းရွက်နိုင်ကြရန် မျှော်လင့်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ