NUG လက်အောက်ခံ တပ်ရင်းအချို့ ဘုံရန်သူပျောက်သည့် လုပ်ရပ်များ လုပ်ဆောင်နေဟုဆို

Author လင်းခိုင်
Categories
Published on Sep 06, 2022

NUG လက်အောက်ခံ တပ်ရင်းအချို့ ဘုံရန်သူပျောက်သည့် လုပ်ရပ်များလုပ်ဆောင်နေကြောင်း တော်လှန်ရေးအဖွဲ့ခုနှစ်ဖွဲ့က ယနေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

အာဏာသိမ်းယူသည့် မင်းအောင်လှိုင် ဖက်ဆစ်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်သော တော်လှန်စစ်သည် တရားသောစစ်ဖြစ်သည့်အတွက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံအားပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိဘုံရန်သူသည် စစ်ကောင်စီဖြစ်ပြီး မည်သည့်တော်လှန်ရေးအဖွဲ့မဆို မိတ်ဆွေညီနောင်များဟု သဘောထားရန်လိုကြောင်း၊ သို့သော် NUG လက်အောက်ခံ တပ်ရင်းအချို့သည် မိတ်ဖက် ရန်ဖက်မကွဲပြားပဲ ဘုံရန်သူပျောက်သည့် လုပ်ရပ်များ လုပ်ဆောင်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်အခြေစိုက် ဗိုလ်ကျားကြီးဒေသခံကာကွယ်ရေးအဖွဲ့နှင့် Localတပ်ဖွဲ့များသည် ရန်သူကိုတိုက်သည့် မဟာမိတ်များသာဖြစ်ကြောင်း ၊ယင်းသို့ဆောင်ရွက်နေသူများအပေါ် တံဆိပ်မျိုးစုံကပ်ပြီး တော်လှန်ရေးသမားအချင်းချင်း လုပ်ကြံသတ်ဖြတ်သည့် ဝက်လက် PDFတပ်ရင်း၂ အပါအဝင် ဆက်နွယ်သူများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ယင်းကိစ္စကျူးလွန်သူများကို NUGအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ငါ့အောက်ဝင်မှ တရားဝင်သည်ဟူသော အတွေးအခေါ်သည် တော်လှန်ရေးကို အနှောက်အယှက်ပြုသော အတွေးအခေါ်ဖြစ်ပြီး ဆရာကြီး ဟံသာဝတီဦးဝင်းတင်ပြောခဲ့သည့် တစ်လှေတည်းမစီးနိုင်ရင်တောင် တစ်ခရီးတည်းသွားကြမည်ဟူသော စိတ်ကိုမွေးမြူကာ စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အဆိုပါထုတ်ပြန်ချက်အား Ayeyarwaddy Youths’ Union (AYU)- UCY Foundation- Venomous snakes – ဧရာဝတီတိုင်းလယ်သမားအင်အားစုများ- ပြည်သူ့ဝန်ထမ်းများသမဂ္ဂ (ဗဟိုစည်းရုံးရေးကော်မတီ)- The Youths’ Force in Ayeyarwaddy Region- တိုးတက်သောလူငယ်များအစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)တို့ ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်။
#ဘုံရန်သူ #ဗိုလ်ကျားကြီး #ထုတ်ပြန်ချက်

Related News

Depend on news