NUG မှ ငွေတိုက်စာချုပ်ရောင်းချခြင်း၊ မင်းအောင်လှိုင်အိမ် ရောင်းချခြင်းနှင့် စီမံကိန်းများမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိထား

Author လင်းခိုင်
Categories
Published on Jan 15, 2023

 

အမျိုးသားညီညွတ်ရေးအစိုးရမှ ငွေတိုက်စာချုပ်ရောင်းချခြင်း၊ မင်းအောင်လှိုင်အိမ် ရောင်းချခြင်းနှင့် စီမံကိန်းများမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး၊ ဦးတင်ထွန်းနိုင်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ပြီးတော့ ရောင်းချခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နို၀င်ဘာကနေ ငွေတိုက်စာချုပ်တွေကို ထုတ်ဝေရောင်းချခဲ့တာ ဒီနေ့ ဒီချိန်အထိဆိုရင် အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးလောက်ပေါ့ရောင်းချခဲ့ပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စု၀န်ကြီးကပြောကြားသည်။

ထို့ပြင် အာဏာရှင်အဆုံးသတ်နိဂုန်း စီမံကိန်းမှ ရှယ်ယာများရောင်းချမှုများရှိကြောင်း၊ မင်းအောင်လှိုင် မတရားရယူထားသည့် အင်းယားလမ်းမှ အိမ်ကို ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချခဲ့ကြောင်း ယင်းက ပြောကြားသည်။

“ အဲ့ဒီ ဒေါ်လာ ၁၀ သန်းဖိုးကို အပြည့်အဝရောင်းချနိုင်ခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ ခြောက်မိုင်ခွဲ၊ အင်းယားကန်စောင်းမှာရှိတဲ့ အိမ်ကို အမေရိကန်ဒေါ်လာ ၇ သန်းဖိုးရောင်းချခဲ့တာ ဒေါ်လာ ၄ သန်းဖိုးရောင်းချခဲ့ပြီးဖြစ်ပါတယ်။ နွေဦးရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ စစ်တပ်က လိုအပ်တာထက်ပိုပြီး ရယူထားတဲ့ တပ်ပိုင်မြေတွေကို ရောင်းချခဲ့တာ အမေရိကန်ဒေါ်လာ သန်း ၅၀လောက်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ စီမံဘဏ္ဍာ၀န်ကြီးဌာနကနေ အမေရိကန်ဒေါ်လာ သန်း၁၀၀ ကျော်လောက် ဘဏ္ဍာရံပုံငွေရှာဖွေနိုင်ပြီလို့ပြောလို့ရပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

ထို့ပြင် စိုးမိုးနယ်မြေများတွင် အခွန်ယန္တရား ကို တိကျသေချာသည့် မူဝါဒတစ်ရပ်ချမှတ်ကာ ကောက်ခံနေခြင်းများရှိကြောင်း ပြည်ထောင်စု၀န်ကြီးက ဆက်လက်ပြောကြားသည်။

“ဒီနေ့ ဒီအချိန်ထိဆိုရင် ယန္တရားကို စတင်အကောင်အထည်ဖော်တာကနေ ယနေ့အထိ အခွန်ခေါင်းဆောင် အောက်ကနေပြီး အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ကောက်ခံနိုင်တဲ့ပမာဏက ကျပ်ငွေ ၃ ဘီလျံလောက် အခွန်ကောက်ခံနိုင်ပြီလို့ပြောလို့ရပါတယ်။ စိုးမိုးနယ်မြေအလိုက် အခွန်ယန္တရားကို မူဝါဒနဲ့အညီ စည်းစနစ်ကျစွာ ကောက်ခံသွားဖို့ရှိပါတယ်” ဟု ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ဦးတင်ထွန်းနိုင်