NUG နှင့် BPLA ဆွေးနွေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူညီချက်ရရှိ

Author လင်းခိုင်
Categories
Published on Oct 27, 2022

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နှင့် ဗမာပြည် သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့် အချက်ကို သဘောတူညီချက်ရရှိခဲ့ကြောင်း ယနေ့တွင် NUG က ထုတ်ပြန်ထားသည်။

တွေ့ဆုံမှု၌ လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ NUG ၏ အခန်းကဏ္ဍနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)နှင့် ဗမာပြည်သူ့လွတ်မြောက် ရေးတပ်မတော် တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုအား အောက်တိုဘာ ၂၆ ရက်က NUG ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်၊ အတွင်း၀န် ဦးနိုင်ထူးအောင်နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်မှ တာ၀န် ရှိသူများဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံခဲ့ကြပြီး သဘောတူညီချက်များ ရရှိခဲ့ခြင်း ဖြစ်သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) သည် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၄) အထိ စစ်သင်တန်းပေးထားပြီဖြစ်ကာ၊ NUG နှင့် ပူးပေါင်းခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး အကြမ်းဖက် ဖက်ဆစ် တပ်ကို ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
#NUG #BPLA #တွေ့ဆုံမှု #ပူးပေါင်းဆောင်ရွက်ရေး