NUG စာသင်ကျောင်းကို စာအုပ်လှူသည်ဟုဆိုကာ အင်းတော်ဒေသခံတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

Author ခေတ်နီ
Categories
Published on Jan 27, 2023

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ NUG စာသင်ကျောင်းအား ဗလာစာအုပ်နှင့် စာရွက်စာတမ်းများ လှူဒါန်းသည်ဟုဆိုကာ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း အင်းတော်ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ သားချော စာရေးကိရိယာဆိုင်အား စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် NUGစာသင်ကျောင်းများသို့ ဗလာစာအုပ်များနှင့် စာရွက်စာတမ်းပစ္စည်းများ လှူဒါန်းနေသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းကာ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချစ်ကိုကို(ခ) ဦးဖိုးစီအား ဖမ်းဆီးသွားခဲ့တာပဲ ဖြစ် သည်။

ထိုသို့ ဝင်ရောက်စီးနင်းပြီး နောက်ပိုင်း ဦးချစ်ကိုကို (ခ)ဦးဖိုးစီ အား အင်းတော်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့ကပေါ့ ဒီNUGစာသင်ကျောင်းကို စာအုပ်တွေ လှူတယ်ဆိုပြီး ဝင်ဖမ်းတာပေါ့ သတင်းပေးမှုကြောင့် ဝင်ဖမ်းတာ ဝင်ဖမ်းတုန်းက ပိုင်ရှင်က ရဲတွေကိုမေးတယ် ကျနော့်ကို ဘာလို့ ဖမ်းတာလဲဆိုပြီးပေါ့ ရဲတွေက မင်းလုပ်ထားတဲ့ အပြစ် မင်းသိမှာပေါ့ ဆိုပြီး ဖမ်းခေါ်သွားတာဗျ”ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၂၄ရက်နေ့ မှာလည်း အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်သစ်ဆုံ စားသောက်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမြဝင်း(ခ)ကံထူးအောင်နှင့် ဇနီးဖြစ်သူ စန်းစန်းကြည်(ခ)ဒေါ်သစ်ဆုံတို့ကိုလည်း စစ်ကောင်စီတပ်မှ PDFတပ်ဖွဲ့များနှင့် ဆက်နွယ်နေသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့သေးကြောင်းလည်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့ #NUG #စာသင်ကျောင်း