NUG က ထုတ်ပြန်ထားသည့် သတင်းပေး ဖရဲသီးများ ဆုချီးမြှင့်မည်ဆိုသည့် ဖိတ်ခေါ်စာရွက်များကို တပ်စခန်းများ အပေါ် ကြဲချ

Author ခေတ်နီ
Categories
Published on Dec 28, 2022

 

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့် သတင်းပေး ဖရဲသီးများအား ဆုချီးမြှင့်မည်ဆိုသည့် ဖိတ်ခေါ်စာရွက်များကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့တွင် စစ်တပ်များ၊ ရဲစခန်းများပေါ်သို့ ဒရုန်းဖြင့် လိုက်လံကြဲချခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အခြေစိုက်ထားသည့် စစ်အခြေခံလေ့ကျင့်ရေးကျောင်း(စခတ ၁၀)၊ တင့်ကားတပ် (တကရ ၅၀၀၄)၊ စစ်ကောင်စီ အမြှောက်တပ် (အမတ ၃၆၉)၊ အရာတော်မြို့မ ရဲစခန်း၊ နောင်ကြီးအိုင်ရဲကင်း၊ ရသစ်ရဲကင်းတို့မှ စစ်သားနှင့် ရဲများအပါအ၀င်၊ ဌာနဆိုင်ရာ ၀န်ထမ်းများအားလုံး သိရှိစေရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သတင်းပေးပို့လိုသည့် ဖရဲသီးများနေဖြင့် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး Facebook Page စာမျက်နှာနှင့် တယ်လီဂရမ်တို့မှ တဆင့် ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် CDM မပြုလုပ်သည့် စစ်သား၊ ရဲနှင့် ၀န်ထမ်းများအား အမာခံသတင်းပေးအဖြစ် ဆောင်ရွက်ရန် အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ သတင်းလိုအပ်ချက်ကြီးမားလာသည့်အ တွက် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့် အမာခံ သတင်း ပေးပို့သူများအဖြစ် တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အမာခံသတင်းပေးပို့မည်ဆိုပါက ကာကွယ်ရေး၀န်ကြီးဌာနသို့ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကာ အချက်အလက်လုံခြုံမှုရှိစေရန် တာ၀န်ယူအာမခံကြောင်း၊ ထိုကဲ့သို့ သတင်းပေးပို့ပါက ပေးပို့သည် သတင်းအချက် အလက်ပေါ်မူတည်ပြီး ချီးမြှင့်ငွေများလည်းခံစားနိုင်မည်ဟု NUG၊ ကာကွယ်ရေး၀န်ကြီးဌာနက ဆိုသည်။

ဓာတ်ပုံ-အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဖရဲသီး #CDM