NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ သိမ်းပိုက်ထားသည့် စခန်းများကို လှည့်လည်စစ်ဆေး သိမ်းဆည်းရမိသည့် လက်နက်များကို ကာကွယ်ရေးတပ်ဖွဲ့များကို တပ်ဆင်သွားမည်

Author အဂ္ဂ
Categories
Published on Jan 27, 2024

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒု-ဗိုလ်ချုပ်ကြီး ခေါင်လွန်း (R Hkawng Lum) တို့ ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကချင်ပြည်၊ မန်စီမြို့နယ်၊ မန်းဝန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများကို လှည့်လည်စစ်ဆေးခဲ့ကြသည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MoD) ၏ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ရွာများ၊ စခန်းကုန်းများနှင့် လက်နက်ခဲယမ်းများကိုပါ စစ်ဆေးခဲ့ပြီး သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများကို ပြည်သူ့တော်လှန်ရေး ရဲဘော်များကို တပ်ဆင်သွားဖြစ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့် စစ်သုံ့ပန်းများကိုပါ တွေ့ဆုံခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIA သည် ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုနည်းပါးခဲ့သော်လည်း ယမန်နှစ် (၂၀၂၃ ခုနှစ်) ဒီဇငါဘာ ၁၁ ရက်တွင် ရှမ်းမြောက်တခွင်တွင် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့အကြား အပစ်ရပ်ပြီးနောက်ပိုင်းတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများ တကျော့ပြန်လှုပ်ရှားလာကာ စစ်‌ကောင်စီ၏ တပ်စခန်းများကိုပါ သိမ်းပိုက်ထား နိုင်ခဲ့သည်။

လက်ရှိတွင်လည်း ရှမ်းမြောက်နှင့် ကချင်ပြည် နယ်စပ်တွင်ရှိသော မိုးမိတ်မြို့ကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည့်အတွက်  တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး မိုးမိတ်အနီးရှိ မဘိမ်းမြို့ကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့ပြီလည်း ဖြစ်သည်။

ထိုသို့ တကျော့ပြန် စစ်ရေးလှုပ်ရှားမှုများ များပြားလာပြီးနောက် NUG ကာကွယ်ရေးဝန်ကြီးနှင့် အတူပူးပေါင်းကာ နယ်မြေလှည့်လည် စစ်ဆေးနေသည့်ပုံများကို NUG ဘက်က ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

 

ဓာတ်ပုံ – NUG- MoD