NUG၊ KIA ခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့ တွေ့ဆုံဆွေးနွေး

Author CJ Platform
Categories
Published on Aug 08, 2025

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသ လိုင်ဇာမြို့ကို ချင်းညီနောင် (CB) အဖွဲ့ သွားရောက်ခဲ့ချိန် KIO/KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်ထဲမှာ လိုင်ဇာမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး KIA ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်အပါအဝင် KIA အရာရှိအချို့၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 

လိုင်ဇာတွေ့ဆုံမှုအတွင်း ချင်းညီနောင်အဖွဲ့နဲ့ KIO/KIA ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် စစ်အာဏာရှင်တော်လှန်ရေး ဆက်လက် လုပ်ဆောင်ရမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

“အဓိကကတော့ KIO နဲ့ ချင်းညီနောင် (CB) အကြား ဘယ်လိုမျိုး မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမလဲ။ တော်လှန်ရေးမှာ ဒီထက် တော်လှန်ရေးအရွေ့ ဖြစ်လာအောင် ဘယ်လို ချိတ်ဆက်လုပ်ဆောင်မှုတွေ ရှိမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတာပါ” လို့ ချင်းညီနောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က CJ Platform ကို ပြောပါတယ်။

 

အခု တွေ့ဆုံဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီး ညှိနှိုင်း အဖြေရှာမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆလိုင်းယောမန်က ဆက်ပြောပါတယ်။

 

“ချင်းညီနောင်တပ်ဖွဲ့တွေအကြား တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှုတွေဖြစ်တာကိုလည်း အဓိကကတော့ သူတို့ရဲ့ အတွေ့ကြုံ၊ KIA ဖြတ်သန်းခဲ့တဲ့ အတွေ့ကြုံတွေနဲ့ ပတ်သက်ပြီးမှလည်း သူတို့ ဘယ်လိုမျိုး အဖြေရှာခဲ့ကြလဲ။ ဘယ်လိုညှိနှိုင်းခဲ့ကြလဲ။ ဘယ်လိုမျိုး တော်လှန်ရေးအရွေ့ ဖြစ်ခဲ့ကြလဲဆိုတာ ပြောပြပြီးမှ သူတို့လည်း ဘေးကနေ ပါဝင်ကူညီ လုပ်ဆောင်ဖို့ အဆင်သင့်ရှိတဲ့အကြောင်း၊ အဓိကကတော့ ပိုပြီးတော့ နီးကပ်ထိစပ်မှုတွေနဲ့ တော်လှန်ရေးအရွေ့ ဖြစ်အောင် ဝိုင်းဝန်း ကူညီပေးမယ့်အကြောင်း ဆွေးနွေးဖြစ်ခဲ့တာ များပါတယ်” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နဲ့ ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင် CDF ဟွားငိုးရမ် အကြား တိုက်ပွဲအချို့ရှိခဲ့ပြီး ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်း ညီညွတ်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

 

ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေဟာ ချင်းပြည်နယ်မှာရှိတဲ့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ဖလမ်းမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။