NLD CWC ကို ဝေဖန်တဲ့ ဦးစည်သူမောင်ကို NLD ပါတီဝင်ကနေ ရပ်ဆိုင်းထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ (CWC) ကို ဝေဖန်ခဲ့တဲ့ ဦးစည်သူမောင်ကို ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က ပြုလုပ်တဲ့ ပြည်နယ်နဲ့ တိုင်း ပါတီပုံမှန်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ် ယာယီရပ်ဆိုင်းထားကြောင်း သိရပါတယ်။
ပါတီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးစည်သူမောင်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပေမယ့် သူ့ဆီကို တရားဝင် အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့လည်း CJ Platform ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။
ဦးစည်သူမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့လည်း ပါဝင်နေသူဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာလည်း CRPH ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် CRPH နဲ့ NUCC မှာ ဆက်လက် တာဝန်ထမ်းဆောင်ချိန် NLD CWC အပေါ် ဝေဖန်ထောက်ပြမှုတွေလည်း လုပ်ဆောင်ခဲ့တာတွေလည်း ရှိနေပါတယ်။
အခု NLD ပါတီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခံရတဲ့အပေါ် သူ့ဆီ တရားဝင် အကြောင်းကြားလာတာမျိုး မရှိသလို ယာယီရပ်ဆိုင်းခဲ့တဲ့ အကြောင်းရင်းကိုလည်း မသိရသေးသလို NLD CWC ကို ဝေဖန်ထောက်ပြလို့ ပါတီကနေ ယာယီရပ်ဆိုင်းမှု လုပ်ဆောင်တယ်ဆိုပါက ဒါဟာ တော်လှန်ရေးကာလထဲ အုပ်စုဖွဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်မျိုးသာ ဖြစ်တယ်လို့ ဦးစည်သူမောင်က ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးထက် (ခ) ဆလိုင်းမဲလုကိုလည်း ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း NLD ပါတီက ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဦးစိုးထက်ဟာ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ထံ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကို ဇူလိုင် ၁၀ ရက်က မှတ်ပုံတင်ခဲ့တာဖြစ်ပြီး နှစ်လနီးပါးအကြာ ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း NLD က ထုတ်ပြန်လာပါတယ်။
သက် ၆၅ နှစ်အရွယ် ဦးစိုးထက်က ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။