NLD အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ချထားပေးသည့် မြေဧက ၁၆ သိန်းကို စစ်ကောင်စီက ပြန်သိမ်းကာ စစ်ဗိုလ်ချုပ်များ ခွဲယူရန် လုပ်ဆောင်နေ

Author ကိုပေါက်
Categories
Published on Dec 11, 2022

NLD အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ချထားပေးထားသည့် မြေယာများကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့ရာ မြေဧက ၁၆ သိန်းခန့်ရှိသည်ဟု လုပ်ငန်းရှင်အချို့ဆီက သိရသည်။

ပြန်လည် သိမ်းယူခံရသည့် မြေယာဧက ၁၆ သိန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် NLD အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်ပေးထားသည့် မြေယာများဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က ဒီမြေတွေကို အငြိမ်းစားဗိုလ်ချုပ်တွေကို ပေးချင်တယ် လုပ်ချင်တာလုပ်ပေါ့ ၊စီးပွားရေးဇုန်တွေက မြေဧကတွေတောင် သိမ်းတာ၊ အဲ့ဒီမြေဧက ၁၆ သိန်းက စစ်တပ်နဲ့ဦးပိုင်ကပဲ ခွဲယူကြဖို့ လုပ်နေတယ်”ဟု ပြောသည်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် လုပ်ပိုင့်ခွင့်ချထားပေးသည့် မြေယာများမှာ ကိုဗစ်ကာလနှင့် စစ်တပ်က အာဏာသိမ်းလိုက်သည့် အတွက် လုပ်ငန်းအကောင်အထည် မဖော်နိူင်ခြင်းကို အခွင့်ကောင်းယူ၍ သိမ်းဆည်းတာ ဖြစ်သည်ဟု မြေယာ သိမ်းဆည်းခံရသူတစ်ဦးက CJ Platform ကိုပြောသည်။

“သူရဲ့ဥပဒေမှာက လေးနှစ်အတွင်း လုပ်ငန်းလုပ်ရမယ်ပေါ့၊ ကျနော်တို့ မြေဧက နှစ်ဆယ်ရတယ် ၂၀၁၈မှာ၊ ၂၀၁၉ မှာကိုဗစ်ဖြစ်တယ် ၂၀၂၀ အကုန်မှာ အာဏာသိမ်းတယ် အခု ၂၀၂၂ လေးနှစ်အတွင်း ဘာတွေဖြစ်ခဲ့လဲ အဲ့ဒါက လုပ်ငန်းမပြနိူင်လို့ သိမ်းတယ်ဆိုပြီး သိမ်းတာ၊ အချို့ဆို ရာနဲ့ချီ သိမ်းခံရတာရှိတယ်”ဟု ပြောသည်။

အဆိုပါမြေဧက ၁၆ သိန်းကို NLD အစိုးရလက်ထက်တွင် ချထားပေးခဲ့သည် မှန်သော်လည်း ယခုကာလအထိ စည်းကမ်းချက်များနှင့် မကိုက်ညီ၍ လုပ်ကိုင်အသုံးပြုခွင့်ကို စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ပယ်ဖျက်ကာ ပြန်လည် သိမ်းယူခဲ့တာဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် လုပ်ငန်းရှင်များ၏ မြေယာများသာမက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်း၊ မဂ်လာဒုံ ၊သန်လျင်စသည့်မြို့နယ်များရှိ လူနေရပ်ကွက်များကို ဘူဒိုဇာဖြင့်ထိုးကာ သိမ်းဆည်းခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြေသိမ်း #ဦးပိုင် #တပ်ပိုင်မြေ