“Nationwide Operation” သို့ ကူးပြောင်းနိုင်မှ စစ်ဆင်ရေး အထမြောက်နိုင်မည်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Nov 15, 2023

“၁၀၂၇ စစ်ဆင်ရေး” မှ စတင်ခဲ့သော စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများအရှိန်အဟုတ်မြင့်တက်လာပြီဖြစ်သော်လည်း “တစ်နိုင်ငံလုံးမှ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သော စစ်ဆင်ရေး Nationwide Operation” သို့ ကူးပြောင်းနိုင်မှသာ စစ်ဆင်ရေး အထမြောက်နိုင်မည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်ပြောကြားလိုက်သည်။

 

“၁၀၂၇ စစ်ဆင်ရေး” သည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောစစ်ဆင်ရေးဖြစ်သည်ကို သတိမူသင့်ပြီး လူတိုင်းသည် ဤစစ်ဆင်ရေးထဲတွင် ပုံစံတစ်မျိုးမျိုးနှင့်ပါဝင်ရန် လိုအပ်ပြီး စစ်ဆင်ရေးကို အထောက်အကူ၊ အထောက်အပံ့ဖြစ်သော လုပ်ဆောင်ချက်တစ်မျိုးမျိုးဖြင့် လုပ်ဆောင်နေရမည်ဟု ဆက်လက်တိုက်တွန်းထားသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အောက်တိုဘာ (၂၇) ရက်နေ့မှစတင်ကာ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲပြီး စစ်ရေးပစ်မှတ်များကို မျှော်မှန်းထားသည့်အတိုင်း ဆက်လက်တိုက်ခိုက်နေပြီး ကိုးကန့်တပ် MNDAA သည်လည်း ကိုးကန့်လူမျိုးများ၏ မူလဘူတဇာတိမြေဖြစ်သော “လောက်ကိုင်ဒေသ” သို့ ရောက်ရှိနိုင်အောင် ဆက်လက်ချီတက်နေသည်ဟု ဆိုသည်။

 

ထိုကဲ့သို့ အခြားသောတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသော အဖွဲ့အစည်းများအနေဖြင့် မိမိဇာတိ၊ မိမိအိမ်သို့ အရောက်ပြန်ရန်အတွက်ယခုစစ်ဆင်ရေးကြီးကို အောင်မြင်အောင် ဆင်နွှဲရမည်ဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းပြောကြာထားသည်။

 

ညီနောင်အဖွဲ့ဝင် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ရခိုင်ပြည်တွင် တစ်နှစ်နီးပါး အပစ်ရပ်စဲထားရာမှ နိုဝင်ဘာ (၁၃) ရက်မှစတင်ကာ တစ်ကျော့ပြန် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး ယခုလက်ရှိ နှစ်ရက်ကျော်ကာလအတွင်း နယ်ခြားစောင့်တပ် စခန်း (၂) ခုအပါအဝင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့သည့် ရဲစခန်း (၄၀) ကျော်ကိုသိမ်းပိုက်ထားနိုင်သည်အထိ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုများ ဆင်နွှဲနေပြီဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သည်လည်း တအာင်းစစ်ဒေသများတွင် နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း အမြောက်အမြားကိုလည်းသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။

 

အလားတူ ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်ပြုကာတွဲဖက်တိုက်ပွဲဝင်နေသော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်လည်း ကရင်နီ(ကယား)ပြည်တွင် တစ်လေးလုံး(၁၁.၁၁)စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေကြောင်း၊ အခြားတော်လှန်ရေးအင်အားစုဖြစ်သည့် CNF နှင့် ဒေသကာကွယ်ရေးတပ်များက “ရိခေါ်ဒါရ်မြို့” ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်စခန်းများကိုပါ သိမ်းပိုက်နိုင်ခဲ့သည်အထိ ဟန်ချက်ညီတိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်ဟု ဖော်ပြထားသည်။

 

ညီနောင်သုံးဖွဲ့သည်လည်း ကျန်ရှိနေသေးသည်စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်သည်အထိ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြထားပါသည်။