Mytel တာဝါတိုင် ပျက်စီးမှု လာစစ်ဆေးသည့် စစ်တပ်၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး ခုနှစ်ဦးခန့် သေဆုံး

Author လင်းခိုင်
Categories
Published on Jan 02, 2023

 

မွန်ပြည်နယ်၊ ရေးမြို့တွင် Mytel တာဝါတိုင် ပျက်စီးမှု လာစစ်ဆေးသည့် စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ခုနှစ်ဦးခန့် သေဆုံးခဲ့ကြောင်း ရေးဘီးလူး အဖွဲ့ခေါင်းဆောင်က CJ Platform သို့ ပြောသည်။

ယနေ့ ( ဇန်နဝါရီ ၂ ရက် ) နံနက် ၇နာရီ မိနစ် ၃၀ ခန့်တွင် ရေးမြို့ ရှိ Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးပြီးနောက် ၊ လာစစ်ဆေးသည့် စစ်ကောင်စီတပ်ကို ရေးဘီးလူးအဖွဲ့မှ ယင်းတို့ လာနိုင်သည့် လမ်းမှ စောင့်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နံနက် ၇နာရီခွဲ ၈ နာရီလောက်မှာ ကျွန်တော်တို့ အဖွဲ့က မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲလိုက်တာ၊ အဲ့ဒီလိုဖောက်ခွဲပြီး ၂ နာရီလောက်အကြာမှာ ခွေးတွေတက်လာတယ်။ ကျွန်တော်တို့ဘက်က နေရာယူပြီးတော့ စောင့်ပစ်တယ်။ ခွေး ခုနှစ်ကောင်လောက်သေတယ်။ အထိအခိုက်များတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီးနောက် ရေးဘီလူးအဖွဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး၊ တိုက်ပွဲ မြေပြင် အခြေအနေကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ လက်နက်များ ရယူနိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁ ရက်တွင် စစ်ကောင်စီတပ်သားများသည် ချောင်းဆုံတံတားတွင် လူငယ်တစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း စစ်ကောင်စီတပ်သားများ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ယခုထက်ကောင်းမွန်သည့် စစ်ဆင်ရေးများကိုလည်း ထပ်မံဖော်ဆောင်သွားမည်ဟု ရေးဘီးလူးကပြောသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၇ ရက်တွင်လည်း ရေးဘီလူးအဖွဲ့သည် ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားတစ်စီးကို တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ စစ်ကောင်စီစခန်းများ၊ ရဲစခန်းများကို မကြာခဏ တိုက်ခိုက်လေ့ရှိကာ စစ်ကောင်စီတပ်သားများ ကြောက်လန့်သည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
ဓာတ်ပုံ-ရေးဘီလူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မွန်ပြည်နယ် #ရေးမြို့ #ရေးဘီလူး