MOU လုပ်သားများ နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် အမည်စာရင်းပေးပို့ထားခြင်းများကို ယာယီရပ်ဆိုင်းကြောင်း MOEAF ထုတ်ပြန်

Author မွန်လေး
Categories
Published on Jan 17, 2023

MOU လုပ်သားများ နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် အမည်စာရင်းပေးပို့ထားခြင်းများကို ယာယီရပ်ဆိုင်းကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

MOEAF အဖွဲ့၏  နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအဖွဲ့သည် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်အား ဇန်နဝါရီ ၁၇ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားလာသဖြင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများအား ယာယီရပ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုများကို ဇန်နဝါရီ ၂ ရက်မှ စတင်ကာ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပိတ်ထားသော်လည်း MOU လုပ်သားများနှင့် အိန္ဒိယ ဘုရားဖူးများအတွက် Passport ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သော်လည်း၊ ယနေ့မှ စတင်ကာ မည်သည့် Passport များကိုမှ ထုတ်ပေးခြင်းမရှိတော့ပဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်သည် MOU ဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် နိုင်ငံကူးလက်မှတ်ရရှိရေးဆောင်ရွက်ပေးသည့် အဖွဲ့တစ်ခုဖြစ်သည်။