MNDAA မှ အရေးပါသည့် High Point ကုန်း အပါအဝင် စစ်ကောင်စီ စခန်း လေးခုအား ထပ်မံသိမ်းယူ

Author လင်းနွေဦး
Categories
Published on Nov 25, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” (၂၉)ရက် မြောက်နေ့အဖြစ် စစ်ကောင်စီ စခန်းလေးခုအား ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)မှ ထုတ်ပြန်သည်။

ကိုးကန့်တပ်မတော် (MNDAA)မှ နိုဝင်ဘာ (၂၄) ရက်နေ့ မနက် (၅)နာရီ ၃၀မိနစ်ခန့်တွင် ကိုးကန့်၊ တုန်းရှမ်းဒေသ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း (၂) ခုအား တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် (၈)နာရီ(၂၀)မိနစ် အချိန် ဝန်းကျင် တွင် စခန်းအသီးသီးအားအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မနက် (၁၀)နာရီ (၂၀)မိနစ် အချိန် တွင် ကိုးကန့် တုံရှမ်းဒေသ (လောက်ကိုင်တုန်းချိန် ပြင်ပ တစ်ဝိုက်) ဆိုင်တာအိုင် တောင်ကုန်းရှိ စစ်ကောင်စီ စခန်းအား MNDAA မှ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ပြီးနောက် နေ့လယ် (၂)နာရီ (၄၀)အချိန်ခန့်တွင် ခြေလျင်စစ်ကြောင်းဖြင့် ဝင်ရောက် တိုက်ခိုက်ရာ နေ့လယ် (၃)နာရီ (၁၅) မိနစ် အချိန်၌ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA မှ ဖော်ပြသည်။

အဆိုပါစခန်းမှာ စစ်ကောင်စီ၏ လောက်ကိုင်ဒေသတွင် အခြေချတပ်စွဲသော နောက်ဆုံးတောင်ကုန်း ခေါ် (High Point)တစ်ခုလည်း ဖြစ်ပြီး အရေးပါသောတောင်ကုန်း တစ်ခုဖြစ်ကြောင်းလည်း MNDAA ၏ဖော်ပြချက် အရ သိရသည်။

ထိုနေ့ တစ်ရက်တည်းမှာပင် MNDAA မှ နံနက်အစောပိုင်း (၈)နာရီ အချိန်၌လည်း လောက်ပေါက်ကျိုင့် အနောက်တောင်ကုန်းမှ စစ်ကောင်စီ အခြေချတပ်စွဲသော ပေထန်တပ်စခန်းသို့ ဒရုန်းဖြင့် စတင် ပစ်ခတ်ကာ (၉)နာရီ (၄၀)မိနစ် အချိန်တွင် ခြေလျင်တပ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခဏအကြာတွင် စခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA မှ ထုတ်ပြန်သည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးကာ ဒဏ်ရာရရှိသူများ ရှိခဲ့ပြီး ၆၀ မမ စိန်ပြောင်း နှစ်လက် ၊၈၄ မမ အမြောက် တစ်လက်၊စက်သေနတ် အကြီး နှစ်လက် ၊ရိုင်ဖယ် သုံးလက် ၊ ပစ္စတို တစ်လက်၊ မိုင်းထောင်စက်တစ်ခု နှင့် ၆၀ မမကျည်များ ၊ လက်နက်ကြီး ကျည်အမျိုးမျိုး ၊လက်ပစ်ဗုံးများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ၊ ကွန်ပြူတာတစ်လုံး နှင့်အတူ စခန်းတွင်း မွေးမြူထားသော မြင်းနှင့်မြည်း (၁၅) ကောင်တို့ အား သိမ်းဆည်းရမိကြောင်း သိရသည်။

 

အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်သော “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများအတွင်း တပ်စခန်း (၁၈၀) ထက်မနည်း လက်လွှတ်ထားခဲ့ရပြီး သံချပ်ကာ ကားရှစ်စီး နှင့်အတူ လက်နက်ခဲယမ်း အမြောက်အမြား ဆုံးရှုံးခဲ့ရသည့်အပြင် တိုက်ပွဲများအတွင်း တပ်သားများစွာ သေဆုံးခဲ့ကာ လက်နက်ချ၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သော စစ်သည် များစွာလည်း ရှိခဲ့သည်။