ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် မွန်နှစ်တပ်ပူးပေါင်း

မွန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)/RMA တို့ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပေါင်းစည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို ပေါင်းစည်းတာဟာ စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ဖို့နဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ NMSP-AD/RMA နဲ့ နိုင်ငံရေးနဲ့ စစ်ရေးလုပ်ငန်းတွေမှာ တာဝန်ယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုနှစ် မေလကလည်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ပေါင်းပြီး ရာမညမွန်တပ်တော် (RMA) ကို ဖွဲ့စည်းခဲ့ကြပါတယ်။
ရာမညမွန်တပ်တော် (RMA) အနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင် (၇) ဦး ပါဝင်တဲ့ စစ်ကော်မတီကို ဖွဲ့စည်းကာ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီး စိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ်တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ တပ်တွေဟာ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -RMA