လားရှိုးတိုက်ပွဲအတွင်း ပျောက်ဆုံး၊ဖမ်းဆီးခံထားရတဲ့ စစ်သားတွေကို မင်းအောင်လှိုင်က လစာနဲ့ခံစားခွင့် မပေး၊ မိသားစုဝင်တွေ လိုင်းခန်းက နှင်ချခံနေရ

ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေဟာ လစာနဲ့ ထောက်ပံ့ကြေးတွေ လပေါင်းများစွာ မရရှိတာကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ စစ်ကောင်စီတပ် အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
တရုတ် အကူအညီကြောင့် လားရှိုးမြို့ကို စစ်ကောင်စီက ကျည်မဖောက်ရပဲ ပြန်ရခဲ့ချိန်မှာတော့ လားရှိုးမြို့ မကျစေရေး ခုခံကာကွယ်ပေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေအနက် အချို့ဟာ သေဆုံးပြီး၊ အချို့ဟာ ပျောက်ဆုံးနေခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံး၊သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက လစာနဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်တာ မရှိဘူးလို့ စစ်ကောင်စီတပ်သား မိသားစုဝင်အချို့က ပြောပါတယ်။
“ဖေဖော်ဝါရီလကတည်းက လစာဖြတ်ထားတာ။ စောင့်ကြည့်အုပ်စုထဲက လူတွေကျတော့ အကုန်ပြန်ရသွားပြီ။ သေဆုံးစာရင်းသွင်းခံရတဲ့သူတွေကတော့ လစာလည်းမရ၊ ခံစားခွင့်ကလည်း ဘယ်ဆီနေမှန်းမသိဘူး” လို့ ပျောက်ဆုံးနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေတဲ့ သူ့တပ်သားတွေကို “စောင့်ကြည့်” နဲ့ “သေဆုံး” နှစ်မျိုးခွဲထားပြီး စောင့်ကြည့်သူတွေကို အပိုင်းလိုက် လစာထုတ်ပေးပေမဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အကူအညီမပေးတာကြောင့် ပျောက်ဆုံးမှန်းမသိ၊ သေဆုံးမှန်းမသိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဇနီးတွေ အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။
လားရှိုးမြို့ ပြန်ရချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးတွေဟာ မြို့ကို ဝမ်းသာအားရ ပြန်လာခဲ့ကြပေမဲ့ စစ်ကောင်စီက သေဆုံးသူနဲ့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေကို လိုင်းခိုင်းတွေမှာ နေရစရာမပေးတော့ဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
“ကျွန်မသားကြီးလစာ ၂၀၂၄ ဇူလိုင်လထဲက မရတာ။ ယောင်္ကျားလစာတော့ ရပါတယ်။ ဘယ်မှလည်း သွားစရာ၊ နေစရာမရှိဘူး။ ကုန်ဈေးနှုန်းကြီးနေတာနဲ့ လားရှိုးက အိမ်ငှားခတွေနဲ့တော့ တော်တော်ကို ဒုက္ခပင်လယ်ဝေနေတာ” လို့ အမျိုးသားဖြစ်သူအပြင် သားဖြစ်သူပါ ဖမ်းဆီးခံထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သားဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူတို့မှာ MNDAA တပ်က ဖမ်းဆီးထားခြင်းခံရတာကြောင့် အခုလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ အမြန်ဆုံး ပြန်လွတ်မြောက်လာစေချင်ပြီလို့လည်း သူမက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေထဲ လစာရရှိတာတွေ၊ ခံစားခွင့်ရရှိတာတွေဟာ အထက်လူကြီးပေါ် မူတည်ပြီး တပ်တစ်ခုနဲ့ တစ်ခုမှာ တူညီမှုမရှိဘဲ ရရှိနေကြရတယ်လို့လည်း သိရပါတယ်။
“စောင့်ကြည့်” အဖြစ် လစာပေးထားတဲ့သူတွေကို သတ်မှတ်ကာလ ၆ လကျော်လွန်ပါက စစ်ကောင်စီက ထပ်မံလစာပေးမှာမဟုတ်တော့ဘဲ လာမယ့်လတွေအတွက် အခက်အခဲဖြစ်လာမှာကိုလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ပယ်ခြင်းခံရတဲ့ တပ်ဖွဲ့ဝင်မိသားစုတွေက စိုးရိမ်နေကြပါတယ်။
လားရှိုးမြို့ သိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဟာ လူလွတ်အောင်သာ ရုန်ကန်ထွက်ပြေးခဲ့ရတာကြောင့် ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် လင်ယောင်္ကျားပါ သေဆုံး၊ ပျောက်ဆုံးခဲ့ရပြီး တပ်ရဲ့ လစ်လျူရှုခံထားရသူတွေက စစ်ကောင်စီပေးမယ့် ခံစားခွင့်ကို မျှော်လင့်နေကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းအဖြစ် လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၄,၀၀၀ ကျော် လက်နက်ချခဲ့ရပြီး နောက်ပိုင်းမှာတော့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် MNDAA တပ်တွေဟာ လားရှိုးမြို့ပေါ်ကနေ ပြန်ဆုတ်ခွာပေးခဲ့ရကာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို သူတို့နဲ့အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
လက်ရှိမှာ MNDAA တပ်တွေက မြို့ပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – pro-SAC
ပုံစာ – တပ်တွင်းလုံခြုံရေးရယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဇနီးမယားများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံစဉ် (ပုံဟောင်း)