ဒဂုံမြို့သစ်ခရိုင် လက်အောက်က မြို့နယ်ရုံးတွေမှာ စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ်တွေကို မူးယစ်ဆေးကျွေးထား

Author CJ Platform
Categories
Published on Sep 04, 2025

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ခရိုင် လက်အောက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၇) အတွက် စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ်တွေကို မူးယစ်ဆေးကျွေးပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ဒဂုံမြို့သစ်ခရိုင် လက်အောက်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့ရှိပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်မှုထမ်းရမယ့် လူငယ်တွေကို မူးယစ်ဆေးကျွေးပြီး ထိန်းသိမ်းထားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“သူတို့ကို မြို့နယ်က အစည်းအဝေးခန်းထဲမှာ ထားထားတာ၊ လူငယ်တွေကို ထွက်ပြေးမှာစိုးလို့၊ သူတို့အမိန့်ကိုလည်း နာခံအောင် ဆေးကျွေးပြီး ချုပ်ထားကြတာပါ” လို့ သူက ပြောပါတယ်။

 

အဲဒီလူငယ်တွေဟာ စစ်မှုထမ်းဖို့ မဲပေါက်ထားသူ၊ လူအစားထိုးဝင်ရောက်သူ၊ ပေါ်တာဆွဲခံထားရသူတွေနဲ့ ငွေပေးဝယ်ယူထားတဲ့ လူငယ်တွေဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

အလားတူ ရန်ကုန်မြို့တွင် အသက် (၁၈) နှစ်ကနေ အသက် (၂၇) နှစ်အတွင်းရှိ မိန်းကလေးတွေကို စစ်မှုထမ်းအပတ်စဉ် (၁) အနေနဲ့ စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ပြီး စတင်ခေါ်ယူနေပြီပဲ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်ဟာ ၁၈ အထိ ရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝန်း စစ်ရှုံးနေတာကြောင့် အင်အားလျော့နည်းလာတဲ့အတွက် စစ်မှုထမ်းသင်တန်း ပြီးဆုံးထားတဲ့ လူငယ်တွေကို တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေဆီ အရံအင်အားအနေနဲ့ ပို့ဆောင်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေ များပြားလျက်ရှိနေပါတယ်။

 

ဓာတ်ပုံ- pro-SAC

ပုံစာ – ရန်ကုန်တိုင်းဒေသကြီးမှာ ကျင်းပခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကို တွေ့ရစဉ်