ပဋိပက္ခတွေအကြားမှာ မင်းတပ်နဲ့ မတူပီက တောင်သူတွေ ကြိုးစားစိုက်ပျိုးထားတဲ့ ပြောင်းသီးနှံတွေ ဖျက်ပိုးကျရောက်မှုကြောင့် ဧက ရာချီပျက်စီး

Author CJ Platform
Categories
Published on Sep 08, 2025

ချင်းပြည်၊ မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်ရှိ ကျေးရွာပေါင်း ၆၀ ခန့်မှာ ပဋိပက္ခတွေအကြား တောင်သူတွေ ကြိုးစားစိုက်ပျိုးထားတဲ့ ပြောင်းစိုက်ခင်းတွေအတွင်း ဖျက်ပိုးကျမှုကြောင့် ပြောင်းသီးနှံတွေ ပျက်စီးမှု များပြားနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

 

တောင်သူတွေအနေနဲ့ ပိုးကျရတဲ့အကြောင်းအရင်းကို သေချာမသိရသေးဘဲ ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ပြောင်းသီးနှံတွေ ကြီးထွားခါစချိန်မှာ ကျရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပြောင်းတွေ ကြီးထွားခါစမှာ ပိုးကျတာပါ။ ပိုးကျတဲ့အကြောင်းရင်းကို မသိသလို ဘယ်လိုကာကွယ်ရမှန်း မသိဘူး။ ပိုးကျမှုက ကူးစက်မှု အတော်မြန်တယ်။ တောင်ယာတစ်ခုလုံးကို တစ်ခါတည်း ပိုးကျသွားတာမျိုးပါ” လို့ မင်းတပ်မြို့နယ်မှ အသက် (၃၅) နှစ်အရွယ် တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မင်းတပ်မြို့နယ်၊ တိုက်နယ် (၁၂) နဲ့ တိုက်နယ် (၄) မှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ခန့်က ပြောင်းစိုက်ခင်းတွေမှာ ဖျက်ပိုးကျရောက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

တောင်သူတွေဟာ တောင်ယာက ထွက်လာတဲ့ ပြောင်းသီးနှံတွေကို ရောင်းချပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတာကြောင့် အခုလို ပိုးကျရောက်မှုဟာ ဒေသခံတွေ ရပ်တည်နိုင်ရေးအတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ သိရပါတယ်။

 

“နိုင်ငံရေးလည်း မကောင်း ဒီလိုအချိန်မှာ အလုပ်အကိုင်ရှားပါးပြီး ဒေသခံတွေဟာ တောင်ယာကို အဓိက မှီခိုနေကြတာပါ။ ဒီနှစ်ကတော့ ပြောင်းတွေ ပိုးကျလို့ ဒေသခံတွေ စားဝတ်နေရေး ပိုကျပ်တည်းလာနိုင်မယ်။ ခက်ခဲလာမယ်။” လို့ မတူပီမြို့နယ်မှ အသက် (၄၀) နှစ်အရွယ် တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မတူပီမြို့နယ်၊ ဇိုတုန်ဒေသတစ်ခုလုံးမှာလည်း ပြောင်းစိုက်ခင်းတွေမှာ ပိုးကျရောက်မှုကြောင့် ဆုံးရှုံးမှုတွေ ကြီးမားနေပြီး ကာကွယ်နှိမ်နင်းဖို့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

 

တောင်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းသီးနှံမှာ ကျရောက်နေတဲ့ ဖျက်ပိုးဟာ  ငမြှောင်တောင်ပိုး Fall Armyworm(FAW) ပိုးတစ်မျိုးဖြစ်ပြီး FAW ပိုး ကျရောက်ပါက အလျှင်မြန်နှိမ်နင်းဖို့ လိုအပ်ပါတယ်။ အဲဒီပိုးဟာ အနီးဝန်းကျင်မှာ ရှိတဲ့ စိုက်ပျိုးခင်းတွေကိုပါ အလွယ်တကူ ဖျက်ဆီးစားသောက်လေ့ရှိတယ်လို့ စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောပါတယ်။

 

FAW ပိုးတွေကို နှိမ်နင်းရာမှ  စိုက်ခင်း ပတ်ဝန်းကျင်ပေါင်းမြက်တွေကို ရှင်းလင်းတာ၊ ဥမြုံတွေနဲ့ လောက်ကောင်တွေကို လက်နဲ့ကောက်ယူဖျက်ဆီးတာ၊ ထွက်လာတဲ့အရွက်တွေမှာ ပြာမှုန့်နဲ့ သဲမှုန့်တွေ ထည့်သွင်းပေးတာကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် တမာရွက်ပြုတ်ရည်၊ ငရုတ်ရည်နဲ့ ဆေးရွက်ကြီးရည်တွေကို ပတ်ဖြန်းတာတွေ လုပ်ဆောင်ပေးသင့်တယ်လို့ သူက ပြောပါတယ်။

 

“လမ်းပိုင်းတွေ ပိတ်ဆို့ခံထားရ​တော့ ပိုးသတ်ဆေးကို အလွယ်တကူ ဝယ်ဖို့ မဖြစ်နိုင်ချိန်မှာ စိုက်ခင်းတွေကို ဆေးရွက်ကြီးရည်ဖျန်းတာက ထိရောက်တဲ့ ကာကွယ်မှုပါ၊ ပိုးတွေက ညပိုင်းအထွက်များတာမို့ ပိုးတွေကို လိုက်ကောက်ပြီး ဖျက်ဆီးမယ်ဆိုရင် ညအချိန်တွေကို ပိုရွေးချယ်သင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 

မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာခဲ့ပြီး  ဒေသခံပြည်သူတွေဟာ တောင်ယာလုပ်ငန်းကို အဓိက ပြောင်းရွှေ့လုပ်ကိုင်လာကြချိန်မှာ အခုလို စိုက်ခင်းတွေကို ပင်ဖျက်ပိုးတွေ ကျရောက်မှုဟာ ဒေသခံတောင်သူတွေအတွက် ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ